Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် သင်္ကြန်ရေကစားပြီးရန်ဖြစ်ရာက ရွာ၂ရွာ ရန်ပွဲဖြစ်ပွား
DVB
·
April 17, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ  ဧပြီ ၁၆ ရက် ညက ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးရှိ ရေကစားမဏ္ဍပ်က လူငယ် ၂ဦး ရန်ဖြစ်ရာက ရွာ၂ရွာ အုပ်စုဖွဲ့ ရန်ပွဲဖြစ်ပွားခဲ့တယ်လို့ အလည်ရွာ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၅ ရေကစားမဏ္ဍပ်အနီးမှာ နွားဟင်းငုတ်ရွာနေ ခန့်လွင်မိုး(၁၅နှစ်)ကို အလည်ရွာနေ နိုင်မြင့်ဇော်(၂၀နှစ်)က ကျောက်ခဲနဲ့ ခေါင်းကိုထုလို့ ခေါင်ကွဲသွားခဲ့ပြီး အလည်ရွာနဲ့ နွားဟင်းငုတ်ရွာ ၂ ရွာ အုပ်စုဖွဲ့ ရန်ပွဲဖြစ်ခဲ့တာပါ။ အလည်ရွာအုပ်ချုပ်ရေးမှူးဦး ကျော်မင်းနိုင်က "အမြန်လမ်းဘေး ရေကစားမဏ္ဍပ်အနီးမှာ နွားဟင်းငုတ်ရွာက ၁၀ တန်းကျောင်းသားနဲ့ အလည်ရွာက ၁၀ တန်းကျောင်းသားလေးတွေ စကားများရန်ဖြစ်တာက စတာပါ။ ဘယ်နားမှာ လူ ၂ယောက်လဲနေတယ်။ ဘာဖြစ်နေပြီ စတဲ့ ကောလာဟလ စကားတွေက ရွာထဲကလူတွေက ဆွေမျိုးသားချင်းဇောတွေနဲ့ ထွက်ကြည့်ကြတော့ လူတွေများကုန်တာပေါ့။ အဲမှာခဲတွေနဲ့ ပစ်ကြတယ်။ ရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ဖြေရှင်းပေးရတယ်။ ရာအိမ်မှူးတဦးတော့ ဘယ်ကခဲမှန်းမသိတဲ့ ခဲမှန်ပြီး ခေါင်းပေါက်သွားတယ်။ အခုတော့ အခြေအနေတွေ တည်ငြိမ်နေပါပြီ "လို့ ဒီဗွီဘီကို ပြောပါတယ်။ ရန်ပွဲကြောင့် နွားဟင်းငုတ်ရွာက ရာအိမ်မှူးဦးဖိုးဆယ်ပါ ၅ ဦး ဒဏ်ရာရပြီး အလည်ရွာက တိမ်လွှာဦးပါ ၄ ဦး ဒဏ်ရာရခဲ့ပြီး မိတ္တီလာ ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ အလည်ရွာရဲစခန်းစားရေးကြီး ဦးသန်းမြင့်က "ဒဏ်ရာရသူတွေကို ရဲဆေးစာနဲ့ မိတ္ထီလာဆေးရုံ ပို့ပေးပါတယ်။ အခုတော့ ဘာမှမဖြစ်တော့ပါဘူး။ တည်ငြိမ်အေးချမ်းနေပါပြီ။ ညပိုင်း ခဏလေးပဲဖြစ်သွားတာပါ"လို့ ပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ အလည်ရွာအုပ်စုမှာ ရွာ ၁၃ ရွာရှိပြီး အိမ်ခြေ ၁၆၀၀ ကျော်ရှိပါတယ်။ အလည်ရွာက အိမ်ခြေ ၂၅၀လောက်ရှိပြီး နွားဟင်းငုတ်ရွာက အိမ်ခြေ ၁၅၀လောက်ရှိပါတယ် အလည်ရွာကိုသွားချင်ရင် နွားဟင်းကုတ်ရွာကို ဖြတ်သွားမှ ရောက်ပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ- သီးကုန်းအမြန်လမ်းကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့(192)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024