သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ လန်ဒန်မြို့လယ်တွင် ပိတ်ဆို့ဆန္ဒပြ

1.3K
ရာသီဥတု ပြောင်းလဲမှုအတွက် အစိုးအနေနဲ့ အရေးယူ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေဟာ ဗြိတိန် မြို့တော် လန်ဒန်ရဲ့ လူအစည်ကားဆုံး လမ်းတွေကို ပိတ်ဆို့ ထားပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆန္ဒပြသူတွေက လန်ဒန်မြို့လယ်က လူအစည်ကားဆုံး လမ်းတွေကို ရက်တွေနဲ့ချီ ပိတ်ဆို့ထားလို့ မြို့အစိတ်အပိုင်းတွေ အသွားအလာ အနှောင့်အယှက် ဖြစ်နေတာကို ဧပြီ ၁၅ ရက်က တွေ့ရတာပါ။
ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး အစိုးရက အလုပ်ပိုလုပ်အောင် ဖိအားပေးဖို့ ဆန္ဒပြသူတွေက ဝါးတားလူး တံတားပေါ်မှာ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြ အမျိုးသမီးတဦးက “အစိုးရက တောင်းဆိုချက်တွေကို နားထောင်စေချင်တယ်။ ဒီဂြိုလ်ကမ္ဘာပေါ်မှာ နေတဲ့ သက်ရှိ အားလုံး အတွက် သဘာဝပတ်ဝန်းကျင်က တကယ့်ကို အရေးကြီးတယ် လိုအပ်တယ် အပြောင်းအလဲ ဖြစ်ဖို့ အားလုံး အတူ လုပ်ဆောင်ဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။
ခါတိုင်းက ယာဉ်ကြောတွေ တန်းစီနေတဲ့ နေရာကိုလည်း ဆန္ဒပြသူတွေက သစ်ပင်တွေ အများအပြားနဲ့ ပိတ်ထားပါတယ်။ လူစည်ကားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဈေးဝယ်ရာ လမ်းဖြစ်တဲ့ အောက်စ်ဖို့ဒ် ဆားကပ်စ် လမ်းကိုလဲ ဆန္ဒပြသူတွေက ပိတ်ဆို့ ထားပါတယ်။ တက်ကြွလှုပ်ရှားသူ တချို့က လမ်းတွေကို ပိတ်ဖို့ လမ်းပေါ်မှာ လှဲအိပ်နေတာပါ။
ရာသီဥတု ပြောင်းလဲမှုက ကျနော်တို့ အားလုံးကို ဖျက်ဆီးတော့မှာပဲလို့ စိုးရိမ် ကြောက်ရွံ့မိတယ်။ လူသားတွေတင် မကဘူး ကမ္ဘာပေါ်က အရာအားလုံးပေါ့လို့ ဆန္ဒပြ ရာမှာ ပါဝင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
လွှတ်တော်ရင်ပြင်နဲ့ ပစ်ကာဒီးလ်လီး ဆားကပ်စ် လမ်းတွေက ယာဉ်ကြောတွေကို ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက စီစဉ်ခဲ့ပြီး လမ်းတွေကို နေ့ရောညပါ ပိတ်ဆို့ထားကာ ငါးရက်ထက် မနည်း ဆန္ဒပြမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြ အမျိုးသမီးတဦးက “ရာသီဥတု ပြောင်းနေပြီ ဆိုတဲ့ အချက်ကို အာရုံစိုက်စေချင်တယ်။ ဘရက်ဆစ်နဲ့ တခြားကိစ္စတွေနဲ့ အာရုံ လွှဲနေတာတွေ အားလုံးရပ်ကြပါ။ ဒီမှာ ရာသီဥတုကလဲ အာရုံစိုက်ဖို့ လိုနေပါတယ်။” လို့ ပြောပါတယ်။
နိုဝင်ဘာလတုန်းကလည်း အလားတူ ဆန္ဒပြပွဲအတွင်း ထောင်နဲ့ချီတဲ့ လူတွေက လန်ဒန်မြို့လယ်က တံတား ငါးစင်းကို သိမ်းပိုက်ထားခဲ့ပါတယ်။ ဒါကြောင့် ဒီတကြိမ်ဆန္ဒပြပွဲမှာ ရဲတွေက ဆန္ဒပြသူ ၈၅ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ရာသီဥတု ကဏ္ဍနဲ့ ဂေဟစနစ် ကဏ္ဍတွေမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာဖို့ သူတို့ အုပ်စုက တောင်းဆိုနေတာပါ။
၂၀၂၅ မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအထိ လျှော့ချဖို့နဲ့ ရာသီဥတု ပြောင်းလဲမှု နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ပြည်သူ့ ကိုယ်စားလှယ်တွေပါတဲ့ ညီလာခံကို ကျင်းပဖို့လည်း တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ- The Guardian