ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲ မဝင်မိစေရန် နှစ်သစ်တွင် သမ္မတ သတိပေး

11.1K
ပြည်သူလူထုအနေနဲ့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲ မဝင်မိစေဖို့ ဂရုစိုက်ကြစေလိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ နှစ်သစ်ကူး အထိမ်းအမှတ် နိုင်ငံတ၀န်းကို ပြောကြားတဲ့ နုတ်ခွန်းဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က “ကျနော်တို့ အစိုးရအနေနဲ့ ဘယ်လိုပဲစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်ကျပ်အတည်းတွေရှိနေပါစေ၊ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှုတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့မဝင်မိစေရန် ဂရုစိုက်ကြစေလို ပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်တွေကိုလည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုတွေ ကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန် မိကြရန် သတိရှိကြစေလိုပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သုံးနှစ်တာ ကာလအတွင်း အစိုးရရဲ့ အောင်မြင်မှုတွေကို အလေးထား ပြောဆိုခဲ့တာမှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပြောင်းအလဲ၊ သိမ်းဆည်းခံလယ်မြေပြဿနာ ဖြေရှင်းပေးခဲ့တာတွေ၊ လယ်သမားတွေကို ချေးငွေတိုးပေးနိုင်မှု အပါအ၀င် မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ LDC စာရင်းကနေ လွတ်မြောက်ရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ သမ္မတက ပြောသွားပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အခြေအနေနဲ့ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်နေရကြောင်း အသိအမှတ်ပြု ပြောပေမယ့် ဒီအခက်အခဲတွေက ပြည်သူတွေရဲ့ စုပေါင်းအင်အားကို ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အခွင့်အလမ်းကောင်း အဖြစ် မှတ်ယူကြောင်း ပြောဆိုသွားပါတယ်။
ရှေ့လာမယ့် ကာလတွေမှာတော့ အစိုးရအပေါ် ပြည်သူတွေ မျှော်လင့်သလို ဖြစ်မလာသေးတာတွေ၊ အားမလို အားမရ ဖြစ်နေတာတွေကို အလေးထားပြီး ကြိုးစား ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောဆိုသွားပါတယ်။
အလားတူ နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူတို့ကလည်း နှစ်သစ်ကူး နုတ်ခွန်းဆက်စကားတွေ အသီးသီး ပြောကြားထားကြ ပါတယ်။
ဓာတ်ပုံ- သမ္မတရုံး