အုတ်တွင်းမြို့နယ်တွင် ဖခင်ဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံး

2.4K
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ညနေပိုင်းက ဖခင်ဖြစ်သူက တုတ်နဲ့ ရိုက်ခဲ့တာကြောင့် သမီးဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့လို့ အုတ်တွင်းမြို့မ ရဲစခန်းမှာ ဖခင်ဖြစ်သူကို အမှုဖွင့် အရေးယူထားပါတယ်။
အုတ်တွင်းမြို့နယ်၊ သရက်ချဉ်ရွာမှာနေတဲ့ အသက် ၁၅ နှစ် အရွယ် မအိအိခိုင်ဟာ နွားတင်းကုတ်မှာ တံမြက်စည်းလှည်းနေချိန် ဖခင်ဖြစ်သူ ကိုထွန်းနိုင် က အပြင်က ပြန်ရောက်လာပြီး သမီးဖြစ်သူကို ဆဲဆိုကြိမ်းမောင်းကာ အနီးရှိ တုတ်နဲ့ ရိုက်ခဲ့တာလို့ နယ်မြေ ရဲစခန်းက သိရပါတယ်။
သမီးဖြစ်သူ မအိအိခိုင်ဟာ ညာဘက်ဂျိုစောင်းမှာ ဒဏ်ရာ ၁ ချက် ရရှိပြီး မေ့မျောသွားတဲ့ အတွက် တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆာင်ကုသခဲ့ရပါတယ်။
ဒဏ်ရာ မသက်သာတာကြောင့် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို လွှဲပြောင်း ပို့ဆောင်နေတုန်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အသက် ၃၃ နှစ် အရွယ် ဖခင်ဖြစ်တဲ့ ကိုထွန်းနိုင်ကို အမှုဖွင့် အရေးယူပေးဖို့ မိခင်ဖြစ်တဲ့ မမိုးဝင်း က တရားလိုလုပ်ပြီး အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် အုတ်တွင်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၅ အရ အမှုဖွင့် အရေးယူထားရာကနေ လူသေဆုံးသွားခဲ့လို့ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ နဲ့ ပြောင်းလဲ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - သားကြီး(တောင်ငူ)