အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် လေပြင်းတိုက်ခတ် လူ ၉ ဦးသေဆုံး



1.7K
အမေရိကန်ပြည်ထောင်စု၊ တောင်ဘက်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ကလေး၂ ဦးအပါအ၀င် အနည်းဆုံး လူ၉ ဦးသေဆုံးသွားပါတယ်။
တက္ကဆက်ပြည်နယ် အရှေ့ပိုင်းက အန်ဂျလီနာမြို့မှာ လေတိုက်လို့ သစ်ပင်လဲကျပြီး ကားထဲက ကလေးငယ် ၂ ဦး ဧပြီ ၁၄ ရက်နေ့က သေဆုံးသွားတာပါ။
ဧပြီ ၁၃ရက်နေ့ကလည်း တက္ကဆက်မှာ လေဆင်နှာမောင်း ၀င်ရောက်မွှေနှောက်ခဲ့ တာကြောင့် လူ ၇ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်နဲ့ လူဝီစီယားနားပြည်နယ် နေရာတော်တော်များများမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးတွေသည်းသည်းမည်းမည်း ရွာခဲ့ပါတယ်။
တက္ကဆက် ပြည်နယ်မှာ တစ်နာရီလျင် အများဆုံးလေတိုက်နှုန်း မိုင် ၇၀ တိုက်ခတ်ခဲ့ပြီး အချင်း၂လက်မထိ ကြီးတဲ့ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ မိုးလေ၀သဌာနကဆိုပါတယ်။
တက္ကဆက်နဲ့ လူဝီစီယားနားအပါအ၀င် အာကန်ဆက်ပြည်နယ်တောင်ပိုင်း၊ မစစ္စပီပြည်နယ်နဲ့ အယ်လ်ဘားမား ပြည်နယ် အနောက်ပိုင်းတို့မှာ ရာသီဥတုအခြေအနေ ဆိုးရွားနိုင်တယ်လို့ အမျိုးသား မိုးလေ၀သဌာနက ဧပြီ ၁၃ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။