ကင်ဂျုံအန်နှင့် တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပရန်ကိစ္စ ထရမ့်တုံ့ပြန်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တတိယအကြိမ် ထိပ်သီးညီလာခံ ကျင်းပတာဟာ ကောင်းတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ လူမှုကွန်ယက်ကနေ ပြောလိုက်ပါတယ်။
ကျနော်တို့ ဘယ်မှာ ရပ်တည်နေတယ်ဆိုတာ အပြည့်အဝ နားလည်ရင် ကင်မ်ဂျုံအန်း အတွက် ကောင်းပါတယ်လို့လည်း ထရမ့်က ပြောပါတယ်။
သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကြား ဆက်ဆံရေးကလည်း အင်မတန် ကောင်းတယ်တဲ့အကြောင်းနဲ့ နျူကလီးယား လက်နက်တွေနဲ့ ဒဏ်ခတ်မှုတွေ ဖယ်ရှားနိုင်တဲ့ အချိန် အမြန်ရောက်လာဖို့ မျှော်လင့်နေတယ်လို့လည်း ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။
တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် လမ်းဖွင့်ထားတယ်လို့ ကင်မ်က ပြောအပြီးမှာ ထရမ့်က တွစ်တာပေါ်ကနေ ခုလို ရေးခဲ့တာပါ။
တဖက်သတ် တောင်းဆိုချက်တွေကို စားပွဲပေါ် တင်မလာဘဲ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ပြည့်မီစေမယ့် အပြုသဘော ဆောင်တဲ့ အဖြေကိုရှာဖို့ လိုတယ်၊ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဒီနှစ်ကုန်ထိ စိတ်ရှည်ရှည် စောင့်နေမယ်လို့လည်း ကင်မ်က ပြောခဲ့ပါတယ်။
ဗီယက်နမ် မြို့တော်ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ ဒုတိယ ထိပ်သီးညီလာခံမှာ အမေရိကန်ဟာ သူ့အကျိုးစီးပွား သက်သက်ကိုသာ စဉ်းစားခဲ့တယ်လို့လည်း ကင်မ်က အပြစ်တင်ခဲ့ပါတယ်။
ဒါကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ထရမ့်ရဲ့ လိုလားမှုကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်လို့လည်း ကင်မ်က ပြောပါတယ်။
ဓာတ်ပုံ- AP