ချောက် ဗဟိုမဏ္ဍပ်ရှေ့တွင် ခါးကြားမှာ ဓားထိုးပြီး မူးယစ်ကခုန်နေသူကို ဖမ်းဆီးအရေးယူ

2.2K
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ ဗဟိုမဏ္ဍပ်ရှေ့မှာ ဓားကို ခါးကြားထိုးပြီး မူးယစ်ကခုန်နေတဲ့ အမျိုးသားတဦးကို လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူ ထားတယ်လို့ ချောက်မြို့မ ရဲစခန်းကသိရပါတယ်။
ချောက်မြို့၊ အမှတ် ၉ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ချောက်မြို့ရဲ့ ဗဟို ရေကစားမဏ္ဍပ်မှာ မနေ့က ကျင်းပတဲ့ မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းနားအပြီး မဏ္ဍပ်ရှေ့ ပြည်သူတွေရဲ့အလယ်မှာ လူတဦးကဓားကို ခါးကြားမှာထိုးပြီး မူးယစ်ကခုန်နေတာကို တွေ့ရလို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ခေါ်ဆောင် အရေးယူထားလိုက်တာလို့ မြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိထံက သိရပါတယ်။
အဆိုပါ အမျိုးသားဟာ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်နေ ပြည့်ဖြိုးပိုင်(ခ) သားပိုင်ဖြစ်ပြီး အရက်သေစာ မူးယစ်သောက်ထားပြီး အနီရောင်ကော်ရိုးတတ်၊ ဗြက် ၁လက်မ၊ အရိုးအသွား အရှည် ၈လက်မခွဲလောက်ရှိ ဓားဦးချွန်ကို ခါးကြားမှာထိုးထားတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧပြီ ၁၃ ရက်က ချောက်မြို့မရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉(င) နဲ့ အမှုဖွင့် အရေးထားပါတယ်။
ကိုလင်း(ချောက်)