Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး အင်းလေးရေပေါ်သင်္ကြန်ပွဲတက်ရောက်၊ အတိတ်ကောင်း နိမိတ်ကောင်းများ ဆောင်ကျဉ်းနိုင်ရန် ဆုတောင်း
DVB
·
April 14, 2019
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ အင်းလေးရေပေါ်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မနေ့က နန့်ပန်ရွာမှာ ပထမဆုံးအကြိမ် ကျင်းပရမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ မဏ္ဍပ်ဖွင့်ပွဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နှစ်သစ်မှာ  အတိတ်ကောင်း၊ နိမိတ်ကောင်းတွေ ဆောင်ကျဉ်းနိုင်ဖို့ ဆုတောင်း ပေးသွားပါတယ်။ “တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို မပျက်စီးစေဘဲ ခေတ်နှင့်လျော်ညီသည့် အင်းလေးရေပေါ်သင်္ကြန်အား နှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ဟောင်းဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်မကြာခင် ကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ၁၃၈၁ ခုနှစ်တွင် ကောင်းမွန်မှုများရရှိစေရန်အတွက် ကုန်ဆုံးခဲ့သည့် နှစ်အတွင်းမှ အညစ်အကြေးများကို သန့်စင်ဆေးကြောခြင်းနှင့် တွေ့ကြုံခဲ့ရသည့်အတွေ့ အကြုံများကို သင်ခန်းစာယူပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းများ အားလုံးဆောင်ကျဉ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းတယ်”လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။ အင်းလေးဒေသမှာ ပထမဆုံးကျင်းပတဲ့ ၂၀၁၉ ခုနှစ် အင်းလေးရေပေါ် သင်္ကြန်အခမ်းအနားဟာ နောင်ကျင်းပမယ့်  သင်္ကြန်အခမ်းအနားတွေ အတွက် နမူနာကောင်း တခုအဖြစ်ပြသရမယ်လို့လည်း တပ်မတော် အကြီးအကဲက ပြောပါတယ်။ အင်းလေးရေပေါ်သင်္ကြန်မှာ အင်းလေးဒေသခံ လှပျိုဖြူသင်္ကြန်ယိန်းအဖွဲ့က ကပြဖျော်ဖြေကြပြီး အင်းတိုင်းရင်းသား၊ တိုင်းရင်းသူတွေ အပါအ၀င် တိုင်းရင်းသား ယိမ်းအဖွဲ့တွေနဲ့ နာမည်ကြီး တေးသံရှင်တွေက သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။ အင်းလေးရေပေါ်သင်္ကြန်ပွဲကို အင်းစာပေယဉ်ကျေးမှုနဲ့ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒေသခံ ယက္ကန်းရုံတွေ အပါအဝင် MYTEL ကုမ္ပဏီတို့က ပံ့ပိုးကူညီထားတာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024