ချောက်မြို့နယ်၊ အုံးမြားရွာသစ်ကျေးရွာတွင် မီးလောင်

1.6K
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အုံမြားရွာသစ်ကျေးရွာမှာ ဧပြီ ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က မီးလောင်လို့ လူနေအိမ် ၄ လုံးမီးထဲပါသွားပြီး လူဦးရေ ၁၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အုံးမြားရွာသစ်ကျေးရွာနေ ဦးလှဝင်းမောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ချိုဌေးက ထင်းမီးဖိုနဲ့ ထမင်းအိုး နှပ်ရာမှာ အနီးနားက ထရံကာကို မီးစတင်လောင်ကျွမ်းခဲ့လို့ လူနေအိမ် ၄လုံးနဲ့ နွားတင်းကုပ် ၃ လုံး မီးကူးစက်လောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၇ သိန်းဖိုးလောက်ရှိတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မီးလောင်ရာနေရာကို မြို့နယ်မီးသတ်အပါအ၀င် အနီးနားကျေးရွာတွေက မီးသတ်ကား ၃ စီး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ချောက်မြို့မရဲစခန်းမှာ စစ်ဆေးအရေးယူ ထားပါတယ်။
သတင်း၊ဓာတ်ပုံ-ကိုလင်း(ချောက်)