မကွေးမြို့နယ် ကြို့ပင်အင်းရွာ၌ နေအိမ် ၃၂လုံး မီးလောင်၊ လူ ၁၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်

1.7K
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာမှာ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက မီးကြွင်းမီးကျန်ကတဆင့် နေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံးပြီး လူဦးရေ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ကြိုပင်အင်းကျေးရွာက ဦးသိန်းထွန်းရဲ့ နေအိမ်ရှိ မီးဖို မီးကြွင်း မီးကျန်ကတဆင့်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားမှာရှိတဲ့ နေအိမ်တွေကိုပါ မီးကူးစက်လောင်ခဲ့တာလို့ မကွေးမြိုနယ် ဒုမြို့နယ်ရဲတပ်ဖွဲမှူး ဒုရဲမှူးစိုးသိန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် သွပ်မိုး၊ ထရံကာနေအိမ် ၃၂ လုံး ကာလတန်ဖိုး ငွေကျပ် ၆၄ သိန်ဖိုးလောက် မီးလောင်ဆုံးရှုံးပြီး လူဦးရေ ၁၁၅ ဦး မီးဘေးသင့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
မီးလောင်မှုကို ညောင်ကန်နယ်မြေ မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေက မီးသတ်ကားနဲ့ ရေသယ်ယာဉ် တဒါဇင်လောက်နဲ့ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာမှာ ညနေ ၄ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ တိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ကြာကန်ကျေးရွာ ကျေးလက်မြေ ပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဇော်မင်းထိုက်က "ကျေးရွာကို ဝင်တဲ့လမ်းကလည်း ကျဉ်းတဲ့အတွက် မီးသတ်ကားတွေဝင်ဖို့ အခက်ခဲရှိတယ်။ လူဦးရေ ၁၁၅ ယောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်နဲ့ အသုံးဆောင်ပစ္စည်တွေ ထောက်ပံပေးပြီး မကွေးတိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့ကလည်း လာရောက်ထောက်ပံ့သွားတယ်လို့"ပြောပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးသိန်းထွန်းကို ညောင်ကန်နယ်မြေရဲစခန်းက မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။
သတင်း/ဓာတ်ပုံ -မင်းထီး