မိတ္ထီလာမြို့နယ်တွင် တရက်တည်း မီးလောင်မှု ၂ခု ဖြစ်ပွား
DVB
·
April 13, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ဧပြီလ ၁၃ရက်က မွေရွာနဲ့ ပျော်ဘွယ်လေးရွာ ရွာ၂ရွာမှာ မီးလောင်ပြီး အဆောက်အဦ ၄ လုံး ဆုံးရှုံးသွားတယ်လို့ မိတ္ထီလာ ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မွေရွာနေ ဦးမောင်ဌေးရဲ့ နေအိမ် မီးဖို မီးကျန်ကနေ ထရံကို မီးကူးစက် လောင်ခဲ့ရာ လူနေအိမ် ၁ လုံးနဲ့ နွားစာတဲ ၁ လုံးတို့ မီးလောင်သွားပါတယ်လို့ ခရိုင်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
“ခန့်မှန်းတန်ဖိုး ကျပ် ၉၇၀၀၀ လောက် သတ်မှတ်ထားတယ်။ ကလေးလူကြီး ၄ဦးကို အခြားအဆောက်အဦးမှာပဲ နေရာချထားပေးတယ်။ တခြား ထိခိုက်မှု မရှိပါဘူး” လို့ ပြောပါတယ်။
ဒီမနက်မှာပဲ ပျော်ဘွယ်လေးရွာနေ ဒေါ်ခင်ကြိုင်က ဟင်းချက်ဖို့ ဆီးအိုးတည်ရာက ဆီကိုမီးလောင်ပြီး ထရံကို မီးကူးလောင်ခဲ့ရာ လူနေ ၂ ထပ်အိမ် ၁ လုံး၊ မီးဖိုတဲ ၁ လုံး မီးလောင်သွားပါတယ်။
ခရိုင်မီးသတ်ဦးစီးက “မီးသတ်ကား ၈ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရံ ၄၇ ဦးနဲ့ မီးငြှိမ်းပေးတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ ကလေး လူကြီး ၃ ဦးကို ဘုန်းကြီးကျောင်းမှာပဲ ထားပေးခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုး ၅၄၀၀၀ လို့ ခန်မှန်းထားတယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ မွေရွာနေ ဦးမောင်ဌေးနဲ့ ပျော်ဘွယ်လေးရွာနေ ဒေါ်ခင်ကြိုင်တို့ ကို မီးပေါ့ဆလို့ မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှု ဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း