စစ်တွေ-တောင်ကုတ်ပြေးဆွဲသည့် ရွှေပြည်တန်အမြန်ရေယာဉ်နှင့် ဇက်သင်္ဘောတိုက်မိ
DVB
·
April 12, 2019
ရခိုင်ပြည်နယ်၊ စစ်တွေမှ တောင်ကုတ်သို့ ပြေးဆွဲတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်ဟာ ဧပြီ ၁၁ ရက်က ကျောက်ဖြူ ဆိပ်ကမ်းကို အကပ်မှာ ဆိပ်ကမ်းအနီးရပ်ထားတဲ့ ဇက်သင်္ဘောတစီးနဲ့ တိုက်မိခဲ့ပါတယ်။
ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အမြန်ရေယာဉ်ရဲ့ အနောက်ပိုင်း ခေါင်မိုးတွေနဲ့ မှန်ပြတင်းတွေ ပျက်စီးသွားတယ်လို့ ရေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည် မသုသုက ပြောပါတယ်။
"ဇက်သင်္ဘောနဲ့ ချိတ်မိပြီး အမြန်ရေယာဉ်ရဲ့ နောက်ခေါင်မိုးနဲ့ ခေါင်မိုးအောက်မှာ တပ်ဆင်ထားတဲ့ အသက်ကယ်အင်္ကျီတွေ တင်ထားတဲ့ စင်တွေပဲ့ကျပျက်စီးသွားပါတယ်။ ခရီသည်တွေကတော့ အထိတ်တလန့်ဖြစ်သွားကြပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေမရှိပါဘူး။ ခရီးသည်တွေ အားလုံးကို ကျောက်ဖြူ မှာချထားခဲ့ပါတယ်"လို့ပြောပါတယ်။
မတော်တဆဖြစ်ရပ်ကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်ကတော့ ပေ ၂၀ လောက်ပျက်စီးသွာပြီး ခုအခါ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေပြည်တန်အမြန်ရေယာဉ်ရဲ့ ဖုန်းနံပတ် နှစ်လုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူတွေက ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။
ယခုလိုရေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် ခရီးသွားပြည်သူတွေ အနေနဲ့ ရေကြောင်းကနေ အမြန်ရေယာဉ်တွေနဲ့ စီးနင်းလိုက်ပါဖို့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ခရီးသည် မသုသုက ဆက်ပြောပါတယ်။
“ကြောက်ပါတယ်။ နောက်တခေါက်ဆို ရွှေပြည်တန်ကို မစီးရဲတော့ဘူး။ အမြန်ယာဉ်တခြမ်းက ပြိုသွားတာ။ အပေါ်မှာ ပါလာတဲ့ဆိုင်ကယ်တွေကလည်း ပြုတ်ကျတယ်။ ပြီးတော့အသက်ကယ်အင်္ကျီတွေ ပြုတ်ကျလာတယ်။ မှန်တွေကွဲပြီး လာထိတာတွေရှိတယ်။ ခရီးသည်တွေကတော့ ဘာမှဖြစ်သွားတာ ကံကောင်းလို့ပါ"
ရခိုင်ပြည်နယ်ဟာ မြစ်ချောင်းအင်းအိုင်တွေ ပေါများတဲ့ ဒေသဖြစ်တာကြောင့် ရေလမ်းကြောင်းကို အဓိကထား သွားလာနေရတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။