စကြဝဠာထဲက တွင်းနက်ကြီး၏ ပုံရိပ် ပထမဆုံး ဖမ်းယူနိုင်ခဲ့ဟု ကြေညာ

နိုင်ငံတကာ သိပ္ပံပညာဆိုင်ရာ အဖွဲ့တဖွဲ့ဟာ စကြဝဠာထဲက Black Hole လို့ခေါ်တဲ့ တွင်းနက်ကြီးရဲ့ ပုံရိပ်ကို ပထမဆုံး ဖမ်းယူနိုင်ခဲ့တယ်လို့ ဧပြီ ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ သိပ္ပံလောကအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အကြီးစား အဝေးကြည့်မှန်ပြောင်းတွေကို သုံးပြီး Black Hole တွေနဲ့ သူ့ရဲ့ တည်ဆောက်ပုံတွေကို လေ့လာဖို့ နိုင်ငံတကာက သိပ္ပံပညာ ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး  ၂၀၁၂ ခုနှစ်မှာ Event Horizon Telescope (EHT) စီမံကိန်းကို စတင်ခဲ့တာပါ။ ဝါရှင်တန်၊ ဘရပ်ဆဲလ်၊ ဆန်တီယာဂို၊ ရှန်ဟိုင်း၊ တိုင်ပေနဲ့ တိုကျို စတဲ့ ကမ္ဘာ့မြို့ကြီး ၆ မြို့မှာ ဧပြီ ၁၀ ရက်နေ့က တချိန်တည်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး Black Hole ရဲ့ ပထမဆုံး ဓာတ်ပုံကို ထုတ်ဖော် ပြသခဲ့ပါတယ်။ အဲဒီဓာတ်ပုံဟာ Messier 87 လို့ခေါ်တဲ့ ကြီးမားတဲ့ နဂါးငွေ့တန်း ဂလက်စီရဲ့ဗဟိုမှာ တည်ရှိတဲ့ Black Hole ရဲ့ ပုံရိပ်ပါ။ အဲဒီ Black Hole ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၅၄ သန်းအကွာမှာ တည်ရှိပြီး သူ့ရဲ့အချင်းဟာ ကမ္ဘာဂြိုဟ် အရွယ်အစားထက် အဆသုံးသန်းကျော် ပိုကြီးပါတယ်။ စကြဝဠာထဲမှာ Black Hole ပေါင်း အမြောက်အမြား တည်ရှိနေပါတယ်။ Black Hole ဆိုတာ အလွန်တရာ ဆွဲငင်အားကြီးတဲ့ စွမ်းအင်ရပ်ဝန်းကြီး တခုဖြစ်ပြီး သူ့ဆီကိုဖြတ်သွားတဲ့ ကြယ်တွေ ဂြိုဟ်တွေသာမက ဘယ်လိုအရာမဆို အားလုံးကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါတင်မက အလင်းတွေကိုတောင်မှ ပြန်မထွက်နိုင်အောင် ဆွဲငင်ထားနိုင်တာကြောင့် သူ့ရဲ့ပုံရိပ်ကို မြင်ရဖို့ အင်မတန် ခဲယဉ်းတာပါ။ အဲဒါကြောင့် EHT စီမံကိန်းရဲ့ သုတေသန ပညာရှင်တွေဟာ ကမ္ဘာပေါ်က အထူးပြုလုပ်ထားတဲ့ အဝေးကြည့်မှန်ပြောင်းစခန်း ၈ ခုကို ချိတ်ဆက်ပြီး အဲဒီ Black Hole ရဲ့ ပုံရိပ်ကို ရယူခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်တရာနီးပါးက သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်းဟာ ကြယ်တွေရဲ့ ပုံရိပ်ကို လေ့လာခဲ့အပြီး စကြစဠာထဲမှာ Black Hole တွေ ရှိနေတယ်လို့ သူ့ရဲ့သီအိုရီထဲမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up