ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌနှင့် တဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
April 11, 2019
မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌနဲ့ တဦးကို တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ အဖမ်းခံထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦးတို့ကို ဒီနေ့ ညနေ ၄ နာရီက ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တာဖြစ်ပြီး ကားသမား ကိုမောင်ကိန်းကတော့ တရားသေ လွတ်မြောက်သွားတယ်လို့ အကျိုးဆောင် ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။
ကိုအောင်ဆွေဦးတို့ သုံးဦးဟာ ၂၀၁၈ နိုဝင်ဘာ ၃ ရက်ညမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ချုပ်ရက်၎လကျော်ကို ထုတ်နုတ်ခံစား ကျခံစေလို့ တရားသူကြီးဦးဇော်လင်းထွန်က ချမှတ်ခဲ့တာပါ။
ကိုအောင်ဆွေဦး မိသားစုဝင်တွေကတော့ ဒီလိုတရားစီရင်ချက်ချမှတ်တဲ့အပေါ် မိခင်ဖြစ်သူကို ဘယ်လိုအသိပေးရမလဲမသိဘူး လို့ ပြောဆိုခဲ့ပါတယ်။
ရှေ့နေကတော့ ဒီစီရင်ချက်နဲ့ပတ်သက်ပြီး အယူခံတက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့နောက်ဆုံး ၁၈ ကြိမ်မြောက်ရုံးချိန်းကို ABSDF အဖွဲ့ဝင်ဟောင်းတွေနဲ့ လူပေါင်း ၃၀ ကျော် လာရောက်ဝန်းရံခဲ့ပါတယ်။
ABSDF ဒုဥက္ကဋ္ဌ အပါအ၀င် ၃ ဦးကို မိုးညှင်းမြို့နေ ရဲဘော်တဦးရဲ့ နာရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ညမှာ ဖမ်းဆီးခံရပြီး မတရားသင်းဆက်သွယ်မှုနဲ့ တရားဆွဲခဲ့တာပါ။
သတင်း - မုန်းမုန်းမင်း