A d v e r t i s e m e n t With Us

အိန္ဒိယ အထွေထွေရွေးကောက်ပွဲ ပထမအဆင့် စတင်ကျင်းပ

အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကို ဒီကနေ့ ဧပြီ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ ပါကစ္စတန်နဲ့ တင်းမာမှုဖြစ်ပြီးနောက် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက သူ့ရဲ့ အမျိုးသားလုံခြုံရေးမှတ်တမ်းကို လက်ကိုင်ပြုပြီး ဒုတိယ ရာထူးသက်တမ်းအတွက် မဲဆွယ်စည်းရုံးထားပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ စစ်သွေးကြွတွေ တိုက်ခိုက်လို့ လူ ၇ ဦး သေဆုံးခဲ့ပြီးနောက် ရွေးကောက်ပွဲ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ အလုပ်လက်မဲ့နှုန်း မြင့်မားတာနဲ့ ပတ်သက်လို့ စီးပွားရေးပြဿနာတွေ၊ ကျေးလက်ဒေသဝင်ငွေ လျော့ကျတာတွေ ရှိနေပေမယ်လို့ ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီဟာ ဒီရွေးကောက်ပွဲမှာ တစ်ပြေးနေပါတယ်။ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝှမ်း ပြည်နယ် အခု ၂၀ နဲ့ ပြည်ထောင်စုနယ်မြေတွေက မဲဆန္ဒနယ် ၉၁ ခုမှာ အဆင့် ၇ ဆင့်ခွဲပြီး ကျင်းပသွားမှာပါ။ ဒီရွေးကောက်ပွဲဟာ အောက်လွှတ်တော်အမတ် ၅၄၃ နေရာအတွက် ကျင်းပတာဖြစ်ပြီး နောက်ဆုံးအဆင့်ကို မေလ ၁၉ ရက်နေ ကျင်းပမှာပါ။ အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိပြီး ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၀၀ နီးပါး ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up