Live
Home
မေးမြန်းခန်း
နာဂလက်နက်ကိုင်ခေါင်းဆောင် ၅ ဦးကို တပ်မတော်က တရားစွဲပြီး ၅ ဦးပြန်လွှတ်ပေး (မေးမြန်းချက်)
နော်နိုရင်း
·
April 11, 2019
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကို တပ်မတော်က တလနီးပါး ထိန်းသိမ်းထားပြီးတဲ့နောက် ၅ ဦးကို ပြန်လွှတ်ပြီး ကျန်တဲ့ ၅ ဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ခန္တီးရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်ဖမ်းဆီးထားပါတယ်။ တပ်မတော်က ခန္တီးမြို့မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ရှိတယ်ဆိုပြီး  NSCN-K အဖွဲ့က ခေါင်းဆောင် ၁၀ ဦးကို ဖိတ်ကြားပြီး မတ်လ ၉ ရက်နေ့ကတည်းက ခလရ ၅၂ မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ မတ်လ ၂၆ ရက်မှာတော့ NSCN-K အဖွဲ့ရဲ့ ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအန်ကန့်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ ၅ ဦးကို မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုပြီး ခန္တီးရဲစခန်းကို ပို့ဆောင်ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာပါ။ ကျန်တဲ့ ၅ ဦးကိုတော့ ဧပြီ ၂ ရက်နေ့မှာ ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတဦးဖြစ်တဲ့ NSCN-K ရဲ့ ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးကျောင်းထောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ဦးကျောင်းထောင်းတို့ကို တပ်မတော်ကနေ ဖမ်းပြီးတော့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဦးကျောင်းထောင်းတို့ကို ဘာတွေ စစ်ဆေးမေးမြန်းခဲ့ပါသလဲ။ ဖြေ - “ကျနော်တို့ကို ဖမ်းဆီးတဲ့အချိန်မှာ ဒီ နာဂငြိမ်းချမ်းရေး ကော်မတီရေးရာထဲက ဦးစီးဦးဆောင်ပြီးတော့ အစည်းအဝေးခေါ်တယ်။ ၁၀ ယောက်အဖွဲ့ခေါ်တယ်။ ခေါ်သူက သူ့ရဲ့ခွင့်ပြုချက် မရဘဲ သူတို့လည်း နှုတ်နဲ့ပဲ ပြောတယ်ထင်တယ်။ အဲဒါကြောင့် တရားမဝင်ဘူး။ ငြိမ်းချမ်းရေးကော်မတီဆိုတာက အခုမှပဲ လုပ်ထားတယ်။ တရားမဝင်ဘူး ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ သူ့ရဲ့ခွင့်ပြုချက်မရဘဲ အစည်းအဝေးတွေ လုပ်ယူတယ်ဆိုပြီးတော့ ကျနော်တို့ကို ဖမ်းချုပ်တယ်။ နောက်ပြီးတော့ သူတို့ ၅ ယောက်အဖွဲ့ကျတော့ သူတို့ တကားမှာ တပ်မတော်ကို အသိမပေးဘဲ နာဂလက်နက်ကိုင် အဖွဲ့အစည်းက အဲဒီမှာပဲ အခြေချပြီး နေထားတယ်။ နောက် အာသံကသည်းတွေကို နာဂတွေကလည်း နေထိုင်ခိုင်းတယ်ဆိုပြီးတော့ ကျနော်တို့ကို အပြစ်ဒဏ်ခတ်တဲ့ပုံစံ ဖြစ်သွားတာပေါ့။” မေး - ဦးကျောင်းထောင်းတို့ကို ဘယ်မှာဖမ်းတာလဲ။ ဖြေ - “ကျနော်တို့ကို ဒီ ငြိမ်းချမ်းရေးရုံးမှာပဲ လာခေါ်သွားတာ၊ ခန္တီးမှာ။ ဗျူဟာကတော့ အဲဒီမှာ စစ်ကြောင်းထိုးနေတဲ့ ဒကစကပဲ ခဏလာတွေ့ပါဆိုပြီးတော့ မတ်လ ၉ ရက်နေ့ နေ့လယ်မှာ ခဏလာတွေ့ပါဆိုပြီးတော့ လာခေါ်သွားတယ်။ ခေါ်သွားတော့ ကျနော်တို့လည်း ဒါ ခဏဆွေးနွေးပြီးတော့ ပြန်လာမယ်ထင်ပြီးတော့ လိုက်သွားတယ်။ ဟိုမှာရောက်တာနဲ့ ကျနော်တို့ ၁၀ ယောက်ဖုန်းကို အကုန်လုံးသိမ်းလိုက်တယ်။ သိမ်းပြီးတော့ ကျနော်တို့ ဟိုမှာ ၂၅ ရက် ကြာသွားတယ်။ ကျနော်တို့အဖွဲ့ ၅ ယောက်၊ နောက် ၅ ယောက်က ကျနော် အခုထိ ဒီ ခန္တီးရဲစခန်း အချုပ်ခန်းမှာ ရှိတယ်။” မေး - ဦးကျောင်းထောင်းတို့ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရတာလဲ။ ထိန်းသိမ်းခံရတဲ့ ၂၅ ရက်အတွင်း ဘာလုပ်ရလဲ။ ဖြေ - “ခလရ ၅၂ မှာပဲ။ ကျနော်တို့ကို တယောက်ချင်း တယောက်ချင်း စစ်ဆေးတယ်။ စစ်ဆေးတော့ အဓိက သူတို့က ဒီ ခင်ဗျားတို့ အန်စီအေ လက်မှတ်ထိုးမလား၊ ဘယ်လိုပုံစံ ဘယ်လိုသဘောထားရှိလဲဆိုတာ ကျနော်တို့ကို ပြောတဲ့အခါကျတော့ ကျနော်တို့ ၁၀ ယောက် အဖွဲ့ကလည်း ဒါကတော့ ကျနော်တို့လာတာက ပြည်သူရဲ့အကြီးအကဲ၊ ခေါင်းဆောင်ပိုင်းတွေနဲ့ ကျနော်တို့က ဆွေးနွေးဖို့လာတယ်။ ဒါပေမယ့် ကျနော်တို့ ၁၀ ယောက်အနေနဲ့ကတော့ အတိအကျတော့ အန်စီအေလက်မှတ်ထိုးဖို့ဆိုတာ ကျနော်တို့ မပြောနိုင်ဘူး။ ကျနော်တို့ ပါတီကိုလည်း ကျနော်တို့က အကျေအလည်ညှိပြီးမှပဲ အားလုံးသဘောတူမှပဲ လုပ်ရမယ်လို့ ကျနော်တို့က အဲလိုပဲဖြေတယ်။” မေး - ထိန်းသိမ်းထားတဲ့ အချိန်အတွင်းမှာ တစုံတရာ ဖိအားပေးတာ၊ နှိပ်စက်တာတွေကော ရှိလား။ ဖြေ - “အဲလိုတော့ မရှိဘူး။ ဒါပေမယ့် မတ်လ ၂၆ ရက်နေ့က သူတို့ မနက်ပိုင်း တခါလာတယ်။ လာပြီးတော့ ခင်ဗျားတို့ အန်စီအေကို ဘယ်လိုသဘောထားရှိသလဲ၊ ဘယ်လိုစဉ်းစားသလဲ လာပြောတဲ့အခါကျတော့ ကျနော်တို့က တတ်နိုင်ရင်တော့ အန်စီအေ လမ်းကြောင်းနဲ့ပဲ သွားဖို့ အဲလိုတော့ ဆုံးဖြတ်တယ်ဆိုပြီး ပြောလိုက်တယ်။ ဒါဆိုရင် စောစောကတည်းက ဘာဖြစ်လို့ ဒီလိုမပြောသလဲဆိုပြီး ပြောသွားတယ်။ နေ့လယ်ကျတော့ အဲဒီ ၅ ယောက်အဖွဲ့ကို ခေါ်သွားတယ်။ ခေါ်တော့ ကျနော်တို့ ၅ ယောက်အဖွဲ့က ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ခေါ်သွားတယ်ထင်တယ်ဆိုပြီးတော့ ကျနော်တို့ အဲလိုပဲစဉ်စားတာ။ ဒါပေမယ့် ညမှာလည်း ပြန်မလာဘူး။ နောက်ထပ် ဘာသတင်းမှ မကြားရတဲ့အခါကျတော့ နောက်ပိုင်း ရဲစခန်းမှာရှိတယ်ဆိုပြီး အဲလို သတင်းရလာတယ်။” မေး - ကျန် ၅ ယောက်ကို ခန္တီးရဲစခန်းကို ခေါ်သွားပြီး ဦးတို့ ၅ ယောက်ကို ဘယ်တုန်းက ပြန်လွှတ်ပေးလိုက်တာလဲ။ ဖြေ - “ကျနော်တို့ကို မတ်လ ၉ ရက်နေ့မှာ ခေါ်သွားတယ်။ ၂၅ ရက်ကြာတယ်။ ကျနော်တို့ ၄ လပိုင်း  ၂ ရက်နေ့မှာ လွတ်လာခဲ့တယ်။” မေး - သူတို့ ဘာပြောပြီးတော့ ဘာကြောင့် လွှတ်ပေးလိုက်တာလဲ။ ဖြေ - “အဲဒါကျတော့ ဒီလိုပါ။ သူတို့က ကျနော်တို့ ရေးတဲ့ပုံစံနဲ့ အကုန်လုံး တပ်ကပဲ သူတို့ စာရေးပြီးတော့ ယူလာပြီး လက်မှတ်ထိုးပါတဲ့။ ဒီနေ့ကတော့ ခင်ဗျားတို့ ထွက်ရမယ်၊ ဒါပေမယ့် လက်မှတ်ထိုးပြီးမှ လွှတ်ရမယ်ဆိုတော့ ဒါနဲ့ ကျနော်ပြောလိုက်တယ်။ လက်မှတ်ရေးထိုးဖို့ ဘယ်လို ဘယ်လို ရေးထားလဲဆိုတာ သိချင်တယ်။ ဖတ်ပြပါဆိုပြီးတော့ ပြောတော့ ဖတ်ပြတယ်။ ဖတ်ပြတဲ့အခါမှာ ဒီ ၈ ရက်နေ့ကို ခင်ဗျားတို့ အစည်းအဝေး ကျင်းပလုပ်တာက ဗျူဟာကို အသိမပေးဘဲ၊ ဗျူဟာရဲ့ခွင့်ပြုချက်မရဘဲ အစည်းအဝေးလုပ်တယ်။ အဲဒါကြောင့်မို့လို့ ခင်ဗျားတို့ အခုလို ရက်ပေါင်း ၂၅ ရက်တိတိကို ဒဏ်ခတ်တယ်။ နှစ်အချက် အနေနဲ့ကတော့ ခင်ဗျားတို့ နာဂ လက်နက်ကိုင် အဖွဲ့အစည်းဟာ တပ်မတော်ကို အသိမပေး၊ အကြောင်းမကြားဘဲ အခြေချတယ်။ သုံးအနေနဲ့က ကသည်းအာသံကို ခင်ဗျားတို့ နာဂ လက်နက်ကိုင်အဖွဲ့အစည်းက ခင်ဗျားတို့ အတူပူးပေါင်းပြီး ခင်ဗျားတို့အနေနဲ့ ဆက်သွယ်ကြတယ် ဆိုတဲ့ဟာတွေ၊ အချက်လေး အရေးကြီးတာက ကသည်းအာသံကြောင့်မို့လို့ ကျနော်တို့ အခုလို ပြဿနာတွေ ဖြစ်လာတယ်။ အဲဒါနဲ့ သူတို့စာထဲမှာ ရေးထားတာက ဒီနေ့မှာစပြီးမှ ကျနော်တို့ ကသည်းအာသံကို လုံးလုံးမှ မပတ်သက်တော့ဘူး ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ အဲဒါနဲ့ ကျနော်တို့ ဒီလိုပဲ လက်မှတ်ထိုးလိုက်ရတယ်။” မေး - ဆိုတော့ နာဂလက်နက်ကိုင်အဖွဲ့အနေနဲ့ ကသည်းအာသံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာလား။ ဖြေ - “ အရင်တုန်းက အဘ ဦးခမ်းလျန်ကတော့ ဘယ်လိုဆက်သွယ်ပြီး လုပ်လာခဲ့လဲတော့ မသိဘူး။ ဒါပေမယ့် အခုနောက်ပိုင်း ပြောရရင်တော့ သူတို့ ကသည်းအာသံ လာနေခြင်းအားဖြင့် ကျနော်တို့ နာဂတွေကို အကျိုးလည်းမပေးဘူး။ သူတို့ရဲ့ အထောက်အကူတွေ၊ အကူအညီတွေ တခါမှတော့ မယူဘူး။ သူတို့ကို နာဂနယ်မြေမှာ နှစ်ပေါင်း ၄၀ ရှိပြီး ကျနော်တို့က သူတို့ကို ထားပေးရတယ်။ အဲလိုပေါ့။” မေး - NSCN-K ရဲ့ ခေါင်းဆောင်တွေကို ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးထားတဲ့အပေါ်မှာ ဦးကျောင်းထောင်းအနေနဲ့ ဘာပြောချင်လဲ။ ဖြေ - “ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပါတီ ၅ ယောက်အဖွဲ့ကိုတော့ လွှတ်ပေးစေချင်တယ်။ ဆိုတော့ ပြည်သူအနေနဲ့လည်း ဝိုင်းပြီး ကူညီပြီးတော့ ကျနော်တို့ ဒီ ၅ ယောက်အဖွဲ့က တကယ်လည်း အရေးကြီးတယ်။ ဒီ ၅ ယောက်အဖွဲ့ ထွက်လာမှ ကျနော်တို့ NSCN-K အဖွဲ့က အကျေအလည် ပြန်လည်ဆွေးနွေးပြီး ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို လုပ်ချင်တယ်။” မေး - သူတို့ကို ပုဒ်မ ၁၇ (၁) နဲ့ စွဲထားတယ်ဆိုတော့ ဘယ်တော့ တရားရုံးထုတ်ဖို့ ရက်ချိန်းရှိလဲ။ ဖြေ - “သူတို့ကို ဧပြီလ ၉ ရက်နေ့က ချိန်းတယ်။ ပြီးတော့ လာမယ့် ၁၉ ရက်နေ့ ပြန်ချိန်းတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024