Home
မြန်မာသတင်း
လွိုင်ကော်ဈေးတွင် စည်ပင်နှင့် ဈေးသားများ ပြဿနာဖြစ်
DVB
·
October 23, 2012
ကယားပြည်နယ် လွိုင်ကော်ဈေးမှာ ဈေးစည်းကမ်းနဲ့ပတ်သက်ပြီး ဈေးသူဈေးသားတွေနဲ့ စည်ပင်သာယာအဖွဲ့ ပြဿနာဖြစ်ပွားနေပါတယ်။ လွိုင်ကော်မြို့က သီရိမင်္ဂလာဈေးကြီးမှာ မြို့နယ်စည်ပင်သာယာဌာနက ဈေးအတွင်း ဆိုင်ခန်းတွေရှေ့မှာ ခုံခင်းပြီး ရောင်းချတာကို တားမြစ်တဲ့စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။ ဒီတားမြစ်ချက်ဟာ ဈေးသည်တွေအတွက် နစ်နာမှုရှိတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ပျံကျဈေးသည်တွေက စည်းကမ်းချက် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြတာပါ။ ခုရက်ပိုင်းတွေအတွင်း စည်ပင်သာယာဝန်ထမ်းတွေက စည်းကမ်းချက်မလိုက်နာတဲ့ ဈေးသည်တွေ ရဲ့ဈေးခုံတွေကို အတင်းအကျပ် လိုက်လံသိမ်းဆည်းဖျက်ဆီးမှု ရှိနေတယ်လို့ လွိုင်ကော်ဈေးမှာ ကုန်စိမ်းနဲ့ ကြက်ဥရောင်းချသူ  မစန္ဒာဝင်းက ပြောပါတယ်။ “ဈေးအတွင်းမှာ စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ပျံကျဈေးသည်တွေရဲ့ ပစ္စည်းတွေ သိမ်းနေပါတယ်။ ကိုယ့်ရဲ့ ဆိုင်နယ်နိမိတ်အတွင်းမှာ ၁ ပေခုံလေးတွေကိုခင်းပြီး ရောင်းကြပါတယ်။ ခင်းရောင်းတဲ့ ခုံတွေကို တခါတည်း သိမ်းကျုံးပြီး မနက်ခင်းဆို ဒဏ်ငွေရိုက်ပါတယ်။ ညခင်းဆို ၁၁ နာရီလောက်ဆို ဈေးဆိုင်တန်းတွေမှာ သောင်းကျန်းတော့တာပါပဲ။ ၁၇ ရက်နေ့က ဖျက်ဆီးခံလိုက်ရတယ်၊ နောက် ၂၈ ရက်နေ့က ထပ်ဖျက်ခံရတယ်။ ၂ ခါရှိပါပြီ။” ဈေးမှာ ကုန်ခြောက်ရောင်းတဲ့ မစမ်းစမ်းအေးကတော့ ဈေးဆိုင်ခန်းတွေဟာ ကျဉ်းလွန်း တဲ့အတွက် အပြင်မှာ ထုတ်မရောင်းရင် ဈေးရောင်းမကောင်းဘူးလို့ ပြောပါတယ်။ “ဈေးတွေက ဆိုင်ခန်းကလည်း ကျဉ်းတယ်။ နောက် ရပ်ကွက်ဈေးက တောဈေးဆိုတော့ ပစ္စည်းတွေက မခင်းရင် မရောင်းရဘူး၊ ကျမတို့တောသားတွေက ပစ္စည်းမမြင်ရင် မရောင်းရဘူးလေ။ မြို့ဈေးနဲ့မတူဘူးလေ။ ဒါကြောင့် ကျမတို့က အပင်ပန်းခံပြီး ခင်းရတာပါ။ ခင်းပေမယ့်လည်း စည်းကမ်းရှိရှိ တံစက်မြိတ်အောက်မှာပဲ ခင်းပါတယ်၊ လမ်းသွားလမ်းလာတွေ ပိတ် မခင်းပါဘူး။ ဒါပေမယ့် သူတို့က ဈေးလာဖွင့်တဲ့အချိန်မှာ ခုံတွေသိမ်းသွားတော့ မနက်အစော မင်္ဂလာရှိရှိ ဈေးလာတဲ့အချိန် ခုံတွေမရှိတော့ စိတ်ထဲမကောင်းဘူးပေါ့။” ပွင့်လင်းရာသီ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ဆိုင်ခန်းနေရာကနေ ကုန်ပစ္စည်းတွေ တည်ခင်းရောင်းချဖို့ ခုံတွေချထားတာမလုပ်ဖို့၊ ဆိုင်ခန်းအပေါ်မှာဖြစ်စေ၊  ရှေ့မှာဖြစ်စေ အမိုးအကာတွေ မလုပ်ဖို့နဲ့ ဆိုင်ရှေ့မှာ ကျော်လွန်ခင်းကျင်းထားတဲ့ ခုံတွေကို အောက်တိုဘာ ၁၄ ရက် နောက်ဆုံးထားပြီး ပြန်သိမ်းဖို့ မြို့နယ်စည်ပင်သာယာဌာနက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒု-ညွန်ကြားရေးမှူး ဦးကျော်သူက ဈေးအတွင်း သန့်ရှင်းမှုနဲ့ မီးဘေးလုံခြုံရေး ရည်ရွယ်ပြီး စည်းကမ်းသတ်မှတ်ထားတာလို့ ဒီဗွီဘီကို ပြောပါတယ်။ “ဈေးစည်းကမ်း နဂိုကတည်းက ရှိပြီးသားပါ။ ဈေးဆိုင်ခန်းကို ကျူးကျော်ရောင်းလို့မရဘူး။ ဒါတွေကို စည်းကမ်းနဲ့အညီ ပြန်ပြီးတော့ ဥပဒေတည်မြဲအောင် ထိန်းသိမ်းဆောင်ရွက်တာ။ မီးဘေးလုံခြုံရေးရော၊ ဈေးဝယ်သူတွေအတွက်ရော ဆောင်ရွက်တာဖြစ်တယ်။ ဈေးသည်တွေက ကိုယ့်ရဲ့အတ္တတခုတည်း မကြည့်ဘဲနဲ့ အများပြည်သူအကျိုးကြည့်ပြီး စည်းကမ်းကို လိုက်နာစေချင် တယ်။” လွိုင်ကော်မြို့က သီရိမင်္ဂလာဈေးကြီးမှာ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ဆန်၊ လက်ဖက်ခြောက်၊ အလှကုန်နဲ့ ကုန်ခြောက် စတဲ့ ပစ္စည်းမျိုးစုံ ရောင်းချတဲ့ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိပြီး ရာနဲ့ချီတဲ့ ပျံကျဈေးသည်တွေ ဈေးရောင်း အသက်မွေးဝမ်းကျောင်းပြုနေတာ ဖြစ်ပါတယ်။ ဈေးသူဈေးသားတွေကတော့  ဆိုင်ခန်းရှေ့မှာ ဈေးရောင်းချခွင့်ရရေးအတွက်  မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်ဝန်ကြီးချုပ်ရုံးအထိ တင်ပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024