ဂါရတ်ဘေးလ် ပရီးမီးယားလိဂ်သို့ ပြန်လာမည့်သတင်း မဟုတ်မှန်ကြောင်း အေးဂျင့် ပြော

ဓာတ်ပုံ - Getty Images
တောင်ပံကစားသမား ဂါရတ်ဘေးလ် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်လာကစားတော့မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း အေးဂျင့်ဖြစ်တဲ့ ဂျိုနသန်ဘားနက်က ပြောကြားလိုက်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းက အီဘာကို အနိုင်ရတဲ့ပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပေမယ့် အသင်းမှာ အရမ်းကိုပျော်ရွှင်နေကြောင်း၊ အင်္ဂလန်ကို ပြန်လာပြီး ကစားဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ နည်းပြဇီဒန်းအနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူး အီဒင်ဟာဇက်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာကြောင့် ဟာဇက်သာ ရောက်ရှိလာပါက ဘေးလ်ပွဲထွက်ခွင့် ပျောက်ဆုံးနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် ဟာဇက်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးတွေသွင်းယူပေးနိုင်လိမ့်မယ်လို့ နည်းပြဇီဒန်းက ယုံကြည်နေပြီး အရခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါမှာ ၁၅၁ ပွဲကစား ၇၈ ဂိုး သွင်းယူပေးထားပြီး ချန်ပီယံလိဂ်မှာတော့ ၅၂ ပွဲကစား ၁၆ ဂိုး သွင်းယူပေးထားပါတယ်။

More News
Up