Home
မြန်မာသတင်း
ဘုရင့်နောင်ကြက်တိုက်ပွဲတွင် မြန်မာကြက်များပါဝင်ယှဉ်ပြိုင်ရန် ထိုင်းဖိတ်ခေါ်
DVB
·
April 11, 2019
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာကျင်းပမယ့် ကြက်တိုက်ပွဲနဲ့ကြက်အလှပြိုင်ပွဲမှာ မြန်မာကြက်တွေ ပါဝင်ယှဉ်ပြိုင်ဖို့ မဲဆောက် မြို့စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်လိုက်ပါတယ်။ လာမယ့်သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာကျင်းပမယ့် ဘုရင့်နောင် ကြက်တိုက်ပြိုင်ပွဲနဲ့ ကြက်အလှပြိုင်ပွဲမှာ မြန်မာကြက်တွေပါဝင်ယှဉ်ပြိုင်ဖို့ မဲဆောက်မြို့စည်ပင် သာယာရေးကော်မတီ တာဝန်ရှိသူတွေက မဲဆောက်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖိတ်ခေါ်လိုက်တာပါ။ ဘုရင့်နောင် ကြက်တိုက်ပွဲဟာ ရာစုနှစ်လေးခုကျော် သက်တမ်းရှိတဲ့ ရိုးရာပွဲဖြစ်ပြီး လာမယ့် ဧပြီ ၁၁ရက်နေ့မှာ ဖွင့်ပွဲကျင်းပမှာဖြစ်ပါတယ်။ မြန်မာကြက်နဲ့ထိုင်းကြက်တွေ အရွယ်တူယှဉ်ပြိုင်နိုင်အောင် တန်းတူနဲ့အလေးချိန် ညှိတာတွေကို ပြိုင်ပွဲတာဝန် ရှိသူတွေက ညှိနှိုင်းဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ မဲဆောက်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နိုင်းထို့ကယက်ချီးစောလနမ်း က “ရာစုနှစ်တွေချီပြီး ကြက်တိုက်လာခဲ့တဲ့ ဘုရင့်နောင်မျိုးနွယ်ကနေ စတင်ကစားခဲ့တဲ့ ကြက်တိုက်ပွဲ တွေကို နှစ်သစ်သင်္ကြန်မှာ ဝါသနာရှင်တွေကစားသွားမှာပါ။ မြန်မာဘက်က တိုက်ကြက်တွေ လည်း ပြိုင်ပွဲမှာ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်းထားပါတယ်”လို့ ပြောပါတယ်။ သင်္ကြန်ကာလအတွင်း ရိုးရာကြက်တိုက်ပွဲအပြင် မြန်မာထိုင်းရိုးရာလက်ဝှေ့ပွဲကိုလည်း ထိုင်းနိုင်ငံက တာဝန်ယူပြီး ကျင်းပသွားမှာပါ။ မြန်မာထိုင်းရိုးရာလက်ဝှေ့ပွဲတွေ နှစ်စဉ်ကျင်းပလာတာ နှစ်ပေါင်းသုံးဆယ်ရှိလာ ပြီဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ပြိုင်ပွဲတွေနဲ့အတူ ထိုင်းနိုင်ငံရဲ့သင်္ကြန်ပွဲကို လာရောက်ဆင်နွှဲ နိုင်တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။ မဲဆောက်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နိုင်းထို့ကယက်ချီးစောလနမ်း က “မြန်မာထိုင်းရိုးရာလက်ဝှေ့ကိုလည်း နှစ်သုံးဆယ်ပြည့် ချစ်ကြည်ရေးအားဖြင့် အခမ်းအနားနဲ့ ပြုလုပ်သွားမှာပါ။ မြန်မာနိုင်ငံဘက်က မြဝတီမြို့ စည်ပင်သာယာရေးကော်မတီနဲ့ပူးပေါင်းပြီး သင်္ကြန်ပွဲကို ပူးပေါင်းဆင်နွှဲနိုင်အောင်စီစဉ်နေပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာထိုင်း လက်ဝှေ့ပွဲကိုလည်း ဧပြီ ၁၂ ရက်နေ့ မဲဆောက်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားရှေ့မှာ ဖွင့်ပွဲပြုလုပ် ကျင်းပသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ကြက်တိုက်ပွဲ၊ ရိုးရာလက်ဝှေ့ပွဲ၊ သင်္ကြန်ပွဲတွေနဲ့အတူ မဲဆောက်မြို့ရဲ့ လည်ပတ်စရာနေရာတွေကို သွားလာနိုင်ဖို့ မဲဆောက်စည်ပင်က ကူညီပေးသွားမယ်လို့ သိရပါတယ်။   ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024