Home
မြန်မာသတင်း
အမေရိကန်သံရုံး၏ နေပြည်တော် ဆက်ဆံရေးရုံးပန္နက်တင်
နေဖြိုးဝင်း
·
April 11, 2019
နေပြည်တော်ရှိ Hilton ဟိုတယ်ဝန်းအတွင်းမှာ ဆောက်လုပ်မယ့် အမေရိကန်သံရုံးရဲ့ ဆက်ဆံရေးရုံး ပန္နက်တင်အခမ်းအနားကို ဧပြီ ၁၀ နေ့က ပြုလုပ်ခဲ့တာပါ။ မြန်မာအစိုးရရုံးစိုက်တဲ့ နေပြည်တော်မှာ အခုလို ဆက်ဆံရေးရုံးဖွင့်ရတာဟာ လုပ်ငန်းတွေ ပိုပြီးနီးနီးကပ်ကပ် လုပ်နိုင်ဖို့ အတွက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။ "သံရုံးတခုလုံးရွှေ့ဖို့အတွက်ကို အချိန်ယူပြီးတော့မှ ကာလရှည်စီမံကိန်းနဲ့ လုပ်နေတဲ့ အချိန်ကာလအတွင်းမှာ ကျနော်တို့ရဲ့လုပ်ငန်းတွေ ပိုဆောင်ရွက်နိုင်အောင်လို့ အခုလိုမျိုး ဆက်ဆံရေးရုံးကို ဖွင့်တာဖြစ်ပါတယ်" ဆက်ဆံရေးရုံးကို ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ ဖွင့်နိုင်ဖို့ မျှော်မှန်းထားပြီး ရုံးမှာ အရာရှိ ၃ ဦးထားရှိသွားမယ်လို့သိရပါတယ်။ သံရုံးတခုလုံးပြောင်းရွှေ့ဖို့အတွက်ဆိုရင် မြေနေရာရဖို့ လိုသလို ကွန်ကရက်လွှတ်တော်ကနေလည်း ဘတ်ဂျက်တောင်းရဦးမှာဖြစ်တဲ့အတွက် အချိန်ကာလ တခုလိုမယ်လို့  အမေရိကန်သံအမတ်က ပြောပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြီးရင် အမေရိကန်နိုင်ငံက နေပြည်တော်မှာ ဒုတိယမြောက် ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလို အမေရိကန်သံရုံးက ဆက်ဆံရေးရုံးကို နေပြည်တော်မှလာဖွင့်တာကို ကြိုဆိုသလို တခြားနိုင်ငံတွေကလည်း ပြောင်းရွှေ့လာဖို့ မျှော်လင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင်က ပြောပါတယ်။ လက်ရှိမှာတော့  နိုင်ငံခြားသံရုံး ၁၄ ခုက နေပြည်တော်မှာ မြေနေရာယူထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က " သံရုံး ၁၄ ရုံးလောက်က မြေနေရာယူထားပြီးပါပြီ။ ဘရူနိုင်းနဲ့ဆို မြေနေရာ လဲထားပြီးပြီ။ ဘယ်တော့ ဆောက်မယ်ဆို တာတော့ မသိသေးဘူး။ ဘရာဇီးသံရုံးနဲ့လည်း မြေလဲဖို့ ဆွေးနွေးထားတာရှိတယ်။ မလေးရှားတို့၊ ဘင်္ဂလားဒေ့ရှ်တို့က မြေငှားဖို့ ငွေချေထားပြီး ဖြစ်ပါတယ်။ တခြားလည်းဆွေးနွေးနေဆဲ နိုင်ငံတွေလည်း ရှိပါတယ်"လို့ ပြောပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေအကုန်လုံးကတော့ သူတို့ရဲ့ ရုံးခွဲတွေကို နေပြည်တော်မှာ ပြောင်းရွှေ့ဖွင့် လှစ်ထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024