အိန္ဒိယတွင် တိုက်ခိုက်မှု ၂ ခုကြောင့် လွှတ်တော်အမတ်တဦး အပါအဝင် ၇ ဦး သေဆုံး

ဓာတ်ပုံ - Reuters
အိန္ဒိယနိုင်ငံမှာ ဧပြီ ၉ ရက်ေန့က တိုက်ခိုက်မှုနှစ်ခုကြောင့် လွှတ်တော်အမတ်တဦး အပါအဝင် လူ ၇ ဦးထက်မနည်း သေဆုံးပါတယ်။ ဧပြီ ၁၁ ရက်နေ့ အထွေထွေရွေးကောက်ပွဲ မတိုင်မီ မတူတဲ့ နေရာနှစ်ခုမှာ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။ နိုင်ငံအရှေ့ဘက် ချာသီဂါရှ်ပြည်နယ်မှာ အာဏာရ ဘရာတီယာ ဂျာနာတာပါတီ (BJP) ရဲ့ လွှတ်တော်အမတ် ဘဟီးမာ မန်ဒါဗီ အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ လွှတ်တော်အမတ် မန်ဒါဗီနဲ့ သူ့ရဲ့ အခြွေအရံတွေဟာ မဲဆွယ်လှုပ်ရှားပြီး ပြန်လာချိန်မှာ မော်ဝါဒီသူပုန်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ခရိုင်တရားသူကြီးတဦးက ပြောပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်က ဆေးရုံတခုကို အမည်မသိ သေနတ်သမားတွေ ရုတ်တရက်ဝင်လာပြီး BJP ပါတီနဲ့ ဆက်နွှယ်တဲ့ ဟိန္ဒူအဖွဲ့ခေါင်းဆောင် ချန်ဒရာခန် ရှာမာနဲ့ သူ့ရဲ့ ကိုယ်ရံတော်ကို ပစ်သတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ပိုင်တယ်လို့ အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယားဒေသနဲ့ ထိစပ်နေတဲ့ ကက်ရှ်ထ်ဗာမြို့မှာ အိန္ဒိယအာဏာပိုင်တွေက  နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပြီး စစ်သားတွေကိုလည်း တပ်ချထားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဧပြီ ၁၁ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတဝန်း မဲရုံပေါင်း တသန်း နေရာချထားရေး ပြင်ဆင်နေကြပါတယ်။ တချိန်တည်းမှာပဲ အစိုးရဝန်ထမ်း ၁၁ သန်းဟာလည်း ရွေးကောက်ပွဲကျင်းပဖို့ တာဝန်ကျရာနေရာကို ရေကြောင်း၊ လေကြောင်းနဲ့ ကုန်းကြောင်းတွေကနေ သွားနေကြပါပြီ။ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ မဲဆန္ဒရှင်တဦးစီတိုင်းရဲ့ တမိုင်ကျော်  အကွာမှာ မဲရုံတရုံ ရှိနေရမယ်လို့ အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ အိန္ဒိယအထွေထွေ ရွေးကောက်ပွဲကြီးကို ဧပြီ ၁၁ ကနေ မေလ ၁၉ ရက်အထိ ၇ ပိုင်းခွဲ ကျင်းပသွားမှာဖြစ်ပြီး မေလ ၂၃ ရက်နေ့မှာ မဲစတင်ရေတွက်မယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up