Home
ဆောင်းပါး
ရန်ကုန်သင်္ကြန်၊ လမ်းလျှောက် ရေသဘင်ပွဲတော်
DVB
·
April 10, 2019
မကြာခင်မှာ ကျရောက်လာတော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ဆင်နွှဲကြဖို့ ပြင်ဆင်နေကြပြီး ရန်ကုန်သင်္ကြန်ပွဲတော်ကလည်း စည်ကားတဲ့ နာမည်ကြီးပွဲတော် အနေနဲ့ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အခုနှစ်မှာတော့ ရန်ကုန်မှာ ရေကစားမဏ္ဍပ်အကြီး ၁၃ ခုနဲ့ အလတ် ၁၆ ခု အပါအဝင် သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၃၃ ခုအထိ ဆောက်လုပ်ဖို့ ခွင့်ပြုထားပြီး ရန်ကုန်သင်္ကြန်ပွဲတော်ကို အခုနှစ်မှာရော ဘယ်လိုထူးထူးခြားခြား ပြင်ဆင်ထားမလဲ။ ဘယ်နေရာ၊ ဘယ်မဏ္ဍပ်တွေမှာ အခမဲ့ ပါဝင်ဆင်နွှဲနိုင်မလဲ ဆိုတာတွေကို တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။ နာမည်ကျော် အင်းယားနဲ့ နေရာ ၃ နေရာ လမ်းလျှောက်သင်္ကြန်ပွဲ မနှစ်ကစတင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ကျင်းပခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ကိုတော့ အခုနှစ်မှာ နေရာ ၃ ခုခွဲ ကျင်းပသွားဖို့ရှိနေပြီး ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီနေရာတွေကတော့ မဟာဗန္ဓုလပန်းခြံ၊ အင်းယားလမ်းနဲ့ ကန်တော်ကြီးပန်းခြံတို့ ဖြစ်ကြပြီး နာမည်ကြီး အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ အကအလှတွေနဲ့အတူ သင်္ကြန်ပွဲတော်ကို ရိုးရာမပျက် ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက် ရေကစား ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ ကန်တော်ကြီးနဲ့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ကတော့ ခါတိုင်းနှစ်တွေကလိုပဲ ပုံမှန်ဆင်နွှဲ ကျင်းပနေကြအတိုင်း အခမဲ့ ပါဝင်နိုင်ကြမှာဖြစ်ပြီး အခုနှစ်မှ ပထမဆုံးအကြိမ် ထူးထူးခြားခြား ပါဝင်လာတဲ့ အင်းယားလမ်းလျှောက်သင်္ကြန်ကတော့ ရန်ကုန်သားတွေ စိတ်ဝင်စားမှုတွေ ပိုမိုများပြားနေကြပါတယ်။ အင်းယားလမ်းလျှောက်သင်္ကြန်ကို ပြည်လမ်းနဲ့ အင်းယားလမ်းထောင့်ကနေ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းထောင့်ထိ အကြိုနေ့ မနက် ၉ နာရီကနေ အတက်နေ့ ည ၈ နာရီအထိ ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာပါ။ ဒီပွဲတော်မှာတော့ ရိုးရာတိုင်းရင်းသားဇုန် ၈ ခုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဖျော်ဖြေရေးမဏ္ဏပ်ကြီးရှိတဲ့ဇုန်၊ စုစုပေါင်း ဇုန် ၉ ခု ပါဝင်မှာဖြစ်ပြီး သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ မူးရစ်ယမ်းကားသူတွေကိုတော့ ဝင်ခွင့်ပြုမှာမဟုတ်ဘဲ အရက်၊ ဘီယာပုလင်းတွေ၊ သံဘူးတွေ သယ်ဆောင်လာတာမျိုးကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ အသိပေး ကြေညာထားပါတယ်။ ဒီပွဲတော်မှာ နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ နီနီခင်ဇော်၊ အိမ့်ချစ်၊ ဆိုဖီယာ၊ ပန်းရောင်ခြယ် စတဲ့ အဆိုတော်တွေနဲ့ အကအလှ အဖွဲ့တွေနဲ့ စည်စည်ကားကား ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကျိုက္ကဆံကွင်းထဲက နာမည်ကြီးအနုပညာရှင်တွေနဲ့ သင်္ကြန်ပွဲတော် ရန်ကုန်မြို့၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်က ကျိုက္ကဆံ အားကစားကွင်းထဲမှာ ခမ်းခမ်းနားနား ကျင်းပဖို့ ရှိနေတာကတော့ Forever Thingyan ပွဲတော် ဖြစ်ပါတယ်။ ACID၊ Rဇာနည်၊ Big Bag၊ Snare၊ G Fatt၊ ဘန်နီဖြိုး၊ ယုဇန၊ အေသင်ချိုဆွေ၊ ဝိုင်းစုခိုင်သိန်း၊ မိစန္ဒီ စတဲ့ နာမည်ကြီးအဆိုတော်တွေအပြင် MRTV 4 ရဲ့ စင်တင် သရုပ်ဆောင်တွေလည်း ပါဝင်ဖျော်ဖြေကြမယ့် ဒီသင်္ကြန်ပွဲတော်ကလည်း အားလုံးအတွက် အခမဲ့ ပါဝင်ဆင်နွှဲနိုင်မယ့် ပွဲတပွဲပါပဲ။ စတုဒီသာ အကျွေးအမွေးတွေ၊ ကလေးကစားကွင်းတွေ၊ အဆိုအက အလှအပတွေနဲ့ ဆင်နွှဲနိုင်မယ့် ဒီပွဲတော်ကိုတော့ သင်္ကြန်ကာလတွင်း နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြကျွန်းသာထဲက စိုင်းစိုင်းခမ်းလှိုင်ရဲ့ လမ်းလျှောက်သင်္ကြန်ပွဲ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မြကျွန်းသာထဲက လမ်းလျှောက်သင်္ကြန်မှာ ရှိနေမှာဖြစ်ပြီး တခြားနာမည်ကြီး တေးသံရှင်တွေဖြစ်ကြတဲ့ ရဲလေး၊ ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်းတို့လည်း အတူပါဝင်ကြမှာ ဖြစ်ပါတယ်။ CB-KMA စီးပွားရေးလုပ်ငန်းစုက စီစဉ်တဲ့ ဒီပွဲတော်မှာတော့ ရန်အောင်၊ ရဲအောင်၊ ဟိန်းဝေယံ၊ သက်မွန်မြင့်၊ အိချောပို၊ ခင်လေးနွယ် စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ဆင်နွှဲကြမှာ ဖြစ်သလို စားသောက်ဆိုင်တန်းတွေ၊ ရေကစားမဏ္ဍပ်တွေနဲ့အတူ ကလေးတွေအတွက်လည်း ပျော်ရွှင်စရာ ကစားပွဲတွေနဲ့ စည်စည်ကားကား ကျင်းပသွားမှာပါ။ ဒီပွဲတော်ကိုလည်း အများပြည်သူအတွက် ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာမို့ သင်္ကြန်ရက်တွေအတွင်း ပျော်ရွှင်ဆင်နွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပြည်သူ့ရင်ပြင် စမ်းချောင်း Food Town က သနပ်ခါးသင်္ကြန် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်ထဲက စမ်းချောင်း Food Town မှာတော့ သနပ်ခါးသင်္ကြန်ကို ဧပြီလ ၉ ရက်နေ့ကတည်းက စတင်ကျင်းပနေပြီး ဧပြီ ၁၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ သနပ်ခါးသင်္ကြန်မှာ သနပ်ခါးနဲ့ရေပက်ပြီး ဒူးရင်းသီးမုန့်လုံးရေပေါ် ကျွေးမွေးကာ ရိုးရာဓလေ့ကို ထိန်းသိမ်းဖို့အတွက် နှစ်စဉ်ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူက ဒီဗွီဘီကို ပြောထားပါတယ်။ ဒါ့အပြင် ရန်ကုန်သင်္ကြန်ချစ်သူတွေအနေနဲ့ ရေသဘင်ပွဲတော်ကို မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်၊ ဦးဥတ္တမပန်းခြံ၊ လမ်းမတော်၊ မင်းဓမ္မလမ်းတွေမှာရှိတဲ့ မဏ္ဍပ်တွေမှာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်မှာ ဖြစ်သလို ဂွတ္တလစ် ဦးချစ်မောင်လမ်း၊ သာကေတ၊ သင်္ကန်းကျွန်း စတဲ့ သက်ဆိုင်ရာ ဒေသလိုက် ကျင်းပမယ့် သင်္ကြန်ပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲ ရေကစားနိုင်မှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလ ဆောင်ရန်၊ ရှောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သင်္ကြန်မှာ ရှောင်ရန် သတိပြုရန်ဆိုပြီး အချက် ၃၀ ပါတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာတော့ သင်္ကြန်ပွဲတော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေး သတိပြုရမယ့် အချက် ၇ ချက်၊ ယာဉ်မောင်းသူများ လိုက်နာရမယ့် အချက် ၁၀ ချက်နဲ့ မှုခင်းတွေ မဖြစ်ပွားစေဖို့ သတိပြု ရှောင်ကြဉ်ရမယ့် အချက် ၁၃ ချက်တို့ ပါဝင်ပါတယ်။ ထုံးစံအတိုင်း ရေပက်ခံကားမောင်းသူတွေ အရက်သောက်ထားတာနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိစေဖို့ သတိပြုဖို့၊ မူးယစ်ဆေးဝါးတွေ စိတ်ပြောင်းဆေးဝါးတွေ ထိန်းချုပ်ဆေးဝါးတွေနဲ့ တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ ကာမဆန္ဒ နှိုးဆွစေတဲ့ ဆေးဝါးတွေသောက်တာ ရှောင်ကြဉ်ကြဖို့နဲ့ မြှူဆွယ်တိုက်ကျွေးပြီး အန္တရာယ်ပေးနိုင်တာကိုလည်း သတိပြုဆင်ခြင်ကြဖို့ အသိပေးထားခဲ့တာပါ။ ဒါ့အပြင် သင်္ကြန်တွင်း မှုခင်းမဖြစ်စေဖို့ အရက်ကို လွန်လွန်ကဲကဲ သောက်စားမူးယစ်တာ မလုပ်ကြဖို့၊ ရေဘောလုံးနဲ့ ပစ်ပေါက်တာ၊ မီးသတ်ပိုက်နဲ့ ရေပက်တာ၊ အက်စစ်နဲ့မပက်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ထဲ အဓိကလူစည်ကားရာနေရာတွေ လမ်းဆုံလမ်းခွတွေနဲ့ ရေကစားမဏ္ဍပ်တွေရှိတဲ့နေရာမှာ ယာဉ်အန္တရာယ် ထိန်းသိမ်းကာကွယ်ဖို့ ယာဉ်ထိန်းရဲအင်အား ၁၀၀၀ ကျော် ချထားဆောင်ရွက်မယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။ သင်္ကြန်ပွဲတော်ကာလမှာ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမယ့်နေရာတွေမှာ လမ်းပိတ်လမ်းလွှဲနဲ့ တလမ်းမောင်း ဆောင်ရွက်မယ့် နေရာတွေကိုလည်း ယာဉ်ထိန်းရဲက ကြိုတင်အသိပေးမှုတွေလည်း ပြုလုပ်ထားပါတယ်။ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိလာနိုင်တာကို ကြိုတင်မျှော်တွေး ပြင်ဆင် ဆောင်ရွက်ထားကြဖို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်းမှာတော့ နိုင်ငံတဝန်း ယာဉ်မတော်တဆမှု ၃၁၇ မှု၊ ဒဏ်ရာရသူ ၁ဝ၆ ဦးနဲ့ သေဆုံးသူ ၆၄၂ ဦး ရှိခဲ့ပါတယ်။ အခုနှစ်သင်္ကြန်မှာတော့ အတာသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြမယ့် မောင်မယ်တွေ ဘေးဘယာဝေးကွာစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ မြတ်နိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024