ဘရာဇီးတွင် မုန်တိုင်းဝင်ပြီး မိုးကြီး၊ လူ ၁၀ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - Reuters
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဧပြီ ၉ ရက်နေ့က မိုးကြီးတာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဝင်ရောက်ပြီးနောက် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုံမှန်မဟုတ်တဲ့ မုန်တိုင်း ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။ ဧပြီ ၈ ရက်နေ့ကတည်းက မိုးစရွာပြီး ၉ ရက်နေ့အထိ မိုးဟာ မတိတ်ခဲ့ပါဘူး။ မြို့ရဲ့ တချို့နေရာတွေမှာ ၄ နာရီအတွင်း မိုးရေချိန် ၈ လက်မကျော် ရွာခဲ့တယ်လို့ မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ဧပြီလ ပုံမှန်မိုးရွာသွန်းမှုထက် ၃ ဆ ရှိပါတယ်။ မိုးကြီးတာကြောင့် အဓိကလမ်းမကြီးတွေကို ပိတ်ထားပြီး မြို့ရဲ့ နေရာအတော်များများ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေဟာလည်း မော်တော်ကားတွေထဲမှာ  ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ နှစ်လအတွင်း ရီယိုဒီဂျနေးရိုးကို ဝင်ရောက်တဲ့ ဒုတိယမြောက်မုန်တိုင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း ရီယိုမြို့ကို အားပြင်းမုန်တိုင်း ဝင်ရောက်တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up