သမ္မတ ဘာရှားအစိုးရကို ဖြုတ်ချရေး ဆူဒန်ပြည်သူ ထောင်ချီ ဆန္ဒပြ
ဆူဒန်နိုင်ငံ မြို့တော် ကာရ်တွန်မ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက်မှာ ဧပြီ ၉ ရက် မနက်အစောပိုင်းထိ ထောင်ချီတဲ့လူတွေ စုဝေးပြီး နိုင်ငံကို နှစ် ၃၀ ကြာ အုပ်စိုးထားတဲ့ သမ္မတ အိုမာ အယ်လ် ဘာရှား အစိုးရကို ဖြုတ်ချရေး ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
သမ္မတ ဘာရှားကို သစ္စာခံတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ထိုင်သပိတ် ဆင်နွှဲနေသူတွေကို ဖြိုခွင်းဖို့ ကြိုးစားပါတယ်။ အဲဒါကြောင့် ထောင်ချီတဲ့ ဆန္ဒပြသူတွေကို ကာကွယ်ပေးဖို့ ဆူဒန်စစ်သားတွေက ကြားဝင်ဟန့်တားခဲ့ပါသေးတယ်။
အဲဒီနောက် အင်္ဂါနေ့ မနက်ပိုင်းက သေနတ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
ပစ်ခတ်မှုတွေအတွင်း ဆူဒန်စစ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် အသေအချာ အတည်မပြုနိုင်သေးပါဘူး။
သမ္မတဘာရှားဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ပြီးနောက် အာဏာရလာခဲ့တာပါ။
ဆူဒန်နိုင်ငံမှာ မတည်ငြိမ်ဖြစ်နေတာ လနဲ့ချီ ကြာနေပါပြီ။ ပေါင်မုန့်ဈေးနှုန်း မြင့်တက်ပြီး ငွေကြေးပြတ်လတ်မှု ပြဿနာတွေ စတင်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကတည်းက ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပါတယ်။