Live
Home
မြန်မာသတင်း
ဟိုတယ်ခရီး အမြဲတမ်းအတွင်းဝန်အပေါ် အဂတိမှုစွပ်စွဲချက် ကော်မရှင်ပယ်ချ
ပိုင်စိုး
·
April 10, 2019
ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အပေါ် အဂတိလိုက်စားမှုနဲ့ တိုင်ကြားထားတဲ့ကိစ္စ အထောက်အထား ခိုင်လုံခြင်းမရှိတာကြောင့် အရေးမယူခဲ့တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်အပေါ် ဟိုတယ်လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ ဦးဌေးအောင်က စွပ်စွဲတိုင်ကြားခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ဧပြီ ၉ ရက် မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဦးဌေးအောင်ရဲ့ စွပ်စွဲတိုင်ကြားထားချက် ၂ ချက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးပြီး ကော်မရှင် အဖွဲ့ဝင်အားလုံးပါတဲ့ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ သုံးပုံနှစ်ပုံအထက် သာလွန်တဲ့မဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်ကြားလို့ စစ်ဆေးခဲ့တာတွေကတော့ ဦးရည်မွန်ဟာ တင်သွင်းခွင့်လိုင်စင်မရှိတဲ့ မော်တော်ယာဉ်ကို အသွင်သဏ္ဍာန်ပြောင်းပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)ကို လျှောက်ထားခဲ့ရာ မှာ ဒဏ်ကြေးငွေပေး မှတ်ပုံတင်ပြီး ဌာနပိုင်မော်တော်ယာဉ်အဖြစ် သုံးခဲ့တာကို တွေ့ရပေမယ့် ဦးဌေးအောင်ဆီကနေ ငွေ သိန်း ၁၀၀ ယူတာ၊ အဲဒီထဲက သိန်း ၆၀ နဲ့ အဲဒီကားကို ဝယ်တာဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘူးလို့ ဆိုပါတယ်။ နောက်တခုက ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ကော်မတီဆီကနေ အမေရိကန်ဒေါ်လာ တသိန်းယူပြီး နေပြည်တော်ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဘဏ်စာရင်းဖွင့် သုံးစွဲတယ်ဆိုတာကတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ ယာယီ အပ်နှံတာ ဖြစ်ပြီး ဒီအတွက် အခွင့်အရေးတစုံတရာ ပေးခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။ တိုင်ကြားစာမှာ မပါပေမယ့် စုံစမ်းစစ်ဆေးတုန်းမှာ ထပ်မံပြီးတိုင်ကြားလာတဲ့ စထရင်း ဟိုတယ်နဲ့ သမ္မတဟိုတယ်တို့ကို အဆင့်မြှင့်တင်ပြုပြင်မွမ်းမံတာ၊ အင်လျားလိတ် ဟိုတယ်ဝန်းထဲ မှာ Convention Centre ဆောက်လုပ်တာတွေဟာ Myanmar Hotel International Limited ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး ပဋိညာဉ် စာချုပ် အတိုင်း လုပ်ဆောင်ခဲ့တာလို့လည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က “အန်တီတို့ ဥပဒေနဲ့ မမြောက်တာ၊ အဂတိ ဥပဒေနဲ့မဆိုင်တာ။ မဆိုင်တော့ အန်တီတို့က ဘာမှ လုပ်လို့မရဘူး။ မှန်ချင်လည်း မှန်မှာပေါ့။ တိုင်ကြားချက်တွေ မှန်ချင်လည်း မှန်မှာပေါ့။ ဒါပေမယ့် ဥပဒေဘောင်ထဲမှာတော့ မဆိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကော်မရှင်ဟာ တရားစွဲအဖွဲ့အစည်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းတဲ့ အထောက်အထား ခိုင်လုံတာ ရှိ/မရှိကိုပဲ ဆုံးဖြတ်ပြီး စွပ်စွဲခံရသူကို အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကို တရားဝင်ထုတ်ဖော်ပြောကြားခွင့် မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုင်ကြားသူ ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်ကတော့ သူတိုင်ကြားခဲ့တာတွေ၊ အဂတိကော်မရှင်က အရေးမယူခဲ့ဘူးဆိုတာတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အမြဲ ရေးသားနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကတော့ အလဲဗင်းမီဒီယာကနေ အစိုးရအချက်ပြမှ တိုက်ဖျက်နိုင်တဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဟာ အဂတိပါနေနိုင်မလားဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို  ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးထဲမှာ  နာမည်ကြီး လူစိတ်ဝင်စားတဲ့ အဂတိလိုက်စားတာကို အရေးယူတဲ့ အကြောင်းတွေ ဖော်ပြထားသလို ဦးဌေးအောင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားတာတွေ၊ ကော်မရှင် ကို တိုင်ကြားတာတွေဟာ မမှန်ကန်ဘူးဆိုရင် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့တောင် အရေးယူခဲ့ရနိုင်တယ်လို့ ရေးသားထားပါတယ်။ ဒီဆောင်းပါးဖော်ပြပြီး နောက်တရက်အကြာမှာ ကော်မရှင်က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024