Home
လွှတ်တော်/ဥပဒေရေးရာ
လွှတ်တော်ကိုယ်စားလှယ်များ၏ မြန်မာ့အရေး ပြောစကား
DVB
·
October 23, 2012
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော် အတွင်း ဆွေးနွေးမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ လယ်ယာမြေကိစ္စ၊ မီဒီယာဥပဒေ၊ ရခိုင်ပြည်နယ် ပဋိပက္ခ၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လယ်ယာမြေအငြင်းပွားမှု ဒေါ်ခင်စန်းလှိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ်) “ပဉ္စမအကြိမ် လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ဒီနေ့ လိုလားနေတဲ့ ဆန္ဒတွေအတိုင်းပေါ့။ ပြည်သူတွေ ဘာလိုလားနေလဲဆိုရင် လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်တန့်ရေး ဆိုတာက သူတို့ရဲ့ တောင်းဆိုချက်ပေါ့။ ဒါကို အန်တီတို့အနေနဲ့ လွှတ်တော်ထဲကနေ မေးခွန်းမမေးဘဲ အဆိုတရပ်တင်သွင်းသွားဖို့ စီစဉ်ထားပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အန်တီနဲ့တွေ့ခဲ့တုန်းက မသွဲ့သွဲ့ဝင်းတို့ လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရယ် နောက် ပြည်သူ့ဆန္ဒ ထုတ်ဖော်ပွဲတွေ ဖြစ်ပေါ်နေတာတွေရယ်ကို ဆန္ဒထုတ်ဖော်ပွဲတွေ ကြီးကျယ်လာခဲ့ရင် ပြည်သူတွေ အပေါ် မလိုလားတဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ ဆန္ဒဖော်ထုတ်ပွဲတွေ ရပ်တန့်ဖို့ရယ်၊ အဲအချိန်တုန်းက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေ လွတ်မြောက်ဖို့ရယ်ကို အန်အယ်လ်ဒီ ကိုယ်စားပြု တောင်းဆိုခဲ့တာပါ။ ဥပဒေကို ပြဋ္ဌာန်းထားတယ်၊ ဒါပေမယ့် ဥပဒေအတိုင်း ဆောင်ရွက်မှုမရှိတာတွေ အများကြီးပဲ။ ဥပမာ ဒီအချိန်မှာဆို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက အရမ်းများလာတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတင် မကဘူး။ ဒေသခံပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှူံးမှုက အများကြီးဖြစ်နေတယ်။ ဥပဒေအတိုင်း မလိုက်နာတာတွေက အများကြီးပဲ။ နောက် လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း ဥပဒေဘောင်ကို ကျော်ပြီး ဒီနေ့ လုပ်ကိုင်နေတာတွေ အများကြီး တွေ့ရတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကြောင့် ပြည်သူတွေလည်း ဒုက္ခတွေအများကြီး ခံစားနေရတယ်။ အန်တီတို့ ကိုယ်တိုင် ဆင်းပြီး လေ့လာတဲ့အခါ တွေ့ခဲ့ရတယ်၊ ဒါကြောင့် ဥပဒေဘောင်အတွင်းတွင်မကဘူး။ ဆက်ပြီး ကန့်သတ်ဖို့ ဆက်လုပ်ဖို့ ရှိပါတယ်။” ရခိုင်ပြည် ပဋိပက္ခ ဦးဖေသန်း (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြေပုံမြို့နယ်) “ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပါတီအနေနဲ့ ကိုယ်စားလှယ်တွေဟာ အဆိုတွေ အများကြီးတင်ခဲ့တယ်။ မေးခွန်းတွေလည်း အများကြီးမေးခဲ့တယ်။ ဒါပေမယ့် မေးခွန်းတွေ၊ အဆိုတွေဟာ တခုမှ လွှတ်တော်ထဲ ရောက်မလာဘူး။ လွှတ်တော်ကတင်ပြခွင့် အနေအထားကိုရောက်မလာဘူး။ အပေါ်က လူကြီးတွေက ဒီကိစ္စကို ပြန်မဖွချင်တော့တဲ့ သဘောမျိုး ရှိမှာပေါ့။ အလုပ်သဘောပဲလုပ်သွားတယ်၊ စတုတ္ထအကြိမ်လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တင်ပြခွင့်မရှိခဲ့ဘူး။ ဒါကြောင့် အခု လွှတ်တော်မှာလည်း တင်ပြဖို့မရှိပါဘူး။ ဒါပေမယ့် ဦးတို့ရဲ့ သဘောထားတွေကို လွှတ်တော်ကိုယ်စားလှယ်တဦးချင်းက နိုင်ငံတော်သမ္မတဆီကို တင်ပြထားတာရှိပါတယ်။ အမှန်ကတော့ ရခိုင်အရေးအခင်းဆိုတာဟာ တနိုင်ငံလုံးရဲ့ အရေးအခင်းပါ။ ဒီကိစ္စကို ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တသက်လုံး ထုတ်ထားတဲ့ အထုပ်က ပြန်ပြေကျသလိုဖြစ်နေတာပေါ့။ ဒီကိစ္စရဲ့ ဖြစ်ရပ်အမှန်တွေကို ပြည်သူတွေကို သိစေချင်တယ်။ ကမ္ဘာကို သိစေချင်တယ်။ ဦးတို့ ကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လူမျိုးစွဲအနေနဲ့ ဆွေးနွေးဖို့မရှိပါဘူး။ ဒါပေမယ့် လွှတ်တော်ကနေ ခွင့်မပြုခဲ့တော့ ဖြစ်ရပ်အမှန်တွေကို ဦးတို့ဘက်က ပြည်သူတွေကို တင်ပြမှုအားနည်းသွားတာပေါ့။ ပြည်သူတွေကို တင်ပြမှုအားနည်းတဲ့အပိုင်းမှာ တဖက်ကလည်း ကောလာဟလတွေ ပိုများလာတာပေါ့။ အဲတော့ တရားဝင်တင်ပြခွင့်ကိုလိုချင်တယ်။ ဒါပေမယ့် လူကြီးတွေက ဘာလို့ ခွင့်မပြုလဲဆိုတာ နားမလည်ဘူး။ တကယ်တော့ ဒါက ကိုယ့်ပြည်နယ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ မြင်ပါတယ်။ ” “စတုတ္ထအကြိမ်လွှတ်တော်ကာလမှာ သမ္မတကြီးက ကျနော်တို့ပါတီက ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ မွတ်စလင်-ရခိုင်အရေးအခင်းဟာ တော်လောက်ပြီ၊ ရှေ့ကိုသွားမယ့် လမ်းမှာ အနှောင့်အယှက်ဖြစ်နေတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတဲ့ကာလမှာ ပိုပြီးတော့ ရှေ့ကိုလုပ်စရာရှိတာတွေ လုပ်နေတယ်ပေါ့နော်၊ အဲလိုမျိုး ပါတီကိုမေတ္တာရပ်ခံတဲ့အတွက် ဦးတို့ကိုယ်တိုင် ဒေါက်တာအေးမောင်အပါအ၀င်ပေါ့လေ။ သက်ဆိုင်ရာ နယ်မြေတွေကိုဆင်းပြီးတော့ ဒီကိစ္စကို ဖုံးဖုံးဖိဖိ၊ သိုသိုသိပ်သိပ်နဲ့ သိပ်မဖွကြဖို့ ပြည်သူကို မေတ္တာရပ်ခံတယ်။ မဖြစ်သင့်တာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်ကိစ္စဟာ အဆုံးအစမရှိတဲ့၊ အဖြေမရတဲ့ ကိစ္စဖြစ်လို့ ဒါတွေကို မလုပ်ဖို့ ဦးတို့ပါတီက စည်းရုံးပြောဆိုနေပါတယ်။ ပြည်သူတွေကလည်း တကယ်တမ်းဖြစ်နေတဲ့အခြေအနေနဲ့ လူကြီးတွေ လိုချင်တဲ့ အခြေအနေက နည်းနည်းကွဲလွဲနေတယ်။ လူကြီးတွေက အတူယှဉ်တွဲနေထိုင်ရေးကို လိုချင်တယ်။ ဒါမှလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ကမ္ဘာကလည်း လျှောက်လှမ်းစ နိုင်ငံကို အမြင်ကြည်မယ်။ ပြုပြင်ရေးလမ်းကြောင်းမှာလည်း အနှောင့်အယှက်မရှိဖို့ အဲလိုဖြစ်စေချင်တယ်။ ဒါပေမယ့် တကယ့်အခြေအနေမှာက အုပ်စု ၂ ခုက တဖက်နဲ့တဖက် ခံစားချက်တွေတော်တော်ပြင်းထန်တယ်။ မျက်နှာချင်းဆိုင်လိုက်ရင် ပြဿနာဖြစ်မယ်။ အဲတော့ ပြည်သူတွေဆန္ဒအရ အများစုဖြစ်စေချင်တာက ဒီ community ၂ ခုကို တသီးတခြားနေထိုင်ဖို့ပေါ့။ အခုလို အဲလိုပဲနေပါတယ်။ သီးသန့်နေတယ်။ သီးသန့်ဆိုင်တွေဖွင့်ကြတယ်ပေါ့။ ဒါဟာ လောလောဆယ်မှာ အကောင်းဆုံးလို့ ထင်ပါတယ်။ နိုင်ငံရဲ့ပံ့ပိုးမှု နိုင်ငံတကာရဲ့ အခြေအနေပြောင်းလဲမှုတွေ ရလာတဲ့အချိန်အခါမှ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လမ်းကို လျှောက်လှမ်းဖို့ သင့်ပါတယ်။ “အဓိကပြောချင်တာ တသက်လုံး ဥပက္ခာပြုထားတဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က အောက်ကျနေတဲ့အချိန်မှာ ဒီပြဿနာတွေက ပိုဆိုးလာတယ်။ စားဝတ်နေရေးမပြေလည်တဲ့အခါ ဒေါသတရားတွေက အမြဲတမ်းရှိနေတယ်။ ဒါကြောင့် နိုင်ငံတော်က ရခိုင်ပြည်နယ်ကို ဥပက္ခာမပြုပါနဲ့၊ အစွမ်းကုန် ပံ့ပိုးကူညီပါ။ တချိန်က သူတို့အတွေးအခေါ်က ဒီလူမျိုးစု ၂ ခုကို ညှိပြီးနေထိုင်ခိုင်းတာပေါ့။ ဆိုလိုတာက လူမျိုးစု ၂ ခုကို ညှိပြီး ရခိုင်ပြည်ကို ထိန်းတဲ့သဘောမျိုး ရှိခဲ့တာပေါ့။ အဲလို ဗျူဟာတွေ မသုံးဘဲ ကိုယ့်ပြည်ထောင်စုသားအချင်းချင်း ဟိုမှာလည်း တဖက်ကို ဧည့်သည်ဆိုလည်း ဧည့်သည်ပေါ့၊ နိုင်ငံသားဆိုလည်း နိုင်ငံသား သီးခြားအခွင့်အရေးတွေပေးပြီး လုပ်လိုက်ဖို့လိုတယ်။ တချို့နေရာမှာ ရည်မှန်းချက်တွေက ပြည်သူတွေ အမြင်မကြည်ဖြစ်တယ်။ ဥပမာ မွတ်ဆလင်တွေကို ရခိုင်ပြည်မှာပဲ ထားတယ်။ ပြည်မကိုလာခွင့်မပေးဘူး။ ဒါမျိုးကျတော့ ရခိုင်ပြည်နယ်ကို နိုင်ငံခြားဒေသတခုလို ဆက်ဆံထားတာ။ အမြင်ရှင်းအောင် ပြည်သူတွေကို ပြဖို့လိုတယ်။ နိုင်ငံသားဆိုရင် နိုင်ငံသားအခွင့်အရေးနဲ့ တနိုင်ငံလုံးနေထိုင်ခွင့်ပေးသင့်တယ်။ မဟုတ်ရင် ဒေသမှာပဲ ဒီပြဿနာတွေကို လှောင်ပိတ်ပြီး မင်းတို့ဘာသာ မင်းတို့နေပါစေဆို ပြဿနာက ပြီးမှာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရဘက်က စေတနာမှန်ဖို့ လိုပါတယ်။” မီဒီယာလော။ ဦးခိုင်မောင်ရည် (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အလုံမြို့နယ်) “မီဒီယာလောဆိုတဲ့ ဥပဒေကတော့ ပြီးခဲ့တဲ့လွှတ်တော် ဒုတိယအစည်းအဝေးလောက် ကတည်းကပေါ်ခဲ့တာ။ ဒါပေမယ့် တတိယအကြိမ်မှာရော၊ စတုတ္ထအကြိမ်မှာရော ဖြစ်မလာဘူး။ အပြင်မှာ တချို့က မီဒီယာလော လိုအပ်သေးလို့လား၊ လိုမလို ဆိုတဲ့စကားလည်း ထွက်လာပါတယ်။ တကယ်က မီဒီယာလောက လိုပါတယ်။ ဘာလို့ လိုတာလဲဆိုတော့ မီဒီယာလောဆိုတာ မီဒီယာလောကသားတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေလို့ ကျနော်တို့ နားလည်ထားပါတယ်။ မီဒီယာလောကို ပထမ ပြန်ကြားရေးဝန်ကြီးဌာနက ဆွဲနေတယ်လို့ ကြားတဲ့အတွက် ကျနော်တို့ စောင့်နေတယ်။ မီဒီယာလောကို အကောင်းဆုံး ပေါ်ထွက်နိုင်အောင် မီဒီယာလောကသားတွေနဲ့ အကြိမ်ကြိမ်တွေ့ပြီးတော့ မီဒီယာလော လွှတ်တော်ကို တက်လာပြီဆိုတာနဲ့ ကျနော်တို့ ကော်မတီက ပြင်ဆင်ထားတာနဲ့ မီဒီယာလောကသားများနဲ့ ပြန်ပြီး လုပ်မယ်။ ဒီထဲမှာပါတဲ့အချက်တွေကို ဖြုတ်သင့်တာတွေ ဖြုတ်မယ်၊ ထည့်သင့်တာတွေထည့်မယ် ဆိုပြီး ပြင်ဆင်ထားတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀န်ကြီးအပြောင်းအလဲမှာ နောက်ထပ်ရောက်လာတဲ့ ၀န်ကြီးက ဒါနဲ့ပတ်သက်ပြီး ပိုကောင်းအောင် သူလုပ်နေတယ်။ လုပ်တဲ့အခါမှာ စာနယ်ဇင်းကောင်စီလည်း သူတွေ့ပြီး ဒါကို ထပ်ပြီးပြန်လုပ်ကြတယ်။ လုပ်တဲ့အခါမှာ အသစ်ကပြန်စတဲ့သဘော ဖြစ်သွားတယ်။ ကျနော်တို့ကလည်း ဒီတခေါက်မှာ သေချာတက်လာမယ်ဆိုတဲ့ စောင့်မျှော်ချက် နဲ့ စောင့်နေကြတယ်။ ဒါပေမယ့် ဒီတခေါက်မှာ ပါနိုင်၊ မပါနိုင်ဆိုတဲ့ ပြန်ကြားရေးဌာနနဲ့ စာနယ်ဇင်းကောင်စီတို့ရဲ့ ကြိုးစားမှုအပေါ် မူတည်တယ်။ ကျနော်တို့ဘက်က ပြင်ဆင်ပြီးပါပြီ။ ပြင်ဆင်ပြီးတယ်ဆိုတာက ဥပဒေတခုလုံးကို ကျနော်တို့ ကော်မတီအနေနဲ့ ရေးနိုင်ပါတယ်။ ရေးနိုင်တဲ့ အစွမ်းလည်း ရှိသလို သတ္တိလည်း ရှိတယ်။ ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မီဒီယာလောကသားတွေအကုန်လုံးက လက်ရည်တပြင်တည်း ရှိနေတယ်။ အဲအတွက် မီဒီယာလောပေါ်ထွက်ဖို့က ကျနော်တို့အတွက် မခဲယဉ်းဘူး။ ဒါပေမယ့် ဒီထဲမှာ ပါရမယ့်အချက်တွေသည် တဖက်က ပြန်ကြားရေးဝန်ကြီးဌာနကနေ တင်လာမှာဖြစ်တဲ့အတွက် သူတို့လိုချင်တဲ့ အချက်နဲ့ ကျနော်တို့ လိုချင်တဲ့အချက် ကိုက်ညီဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လုပ်ရလုပ်ရ၊ စာနယ်ဇင်းကောင်စီ၊ မီဒီယာလောကသားတွေနဲ့ စုပေါင်းပြီး လုပ်ရလုပ်ရ ကျနော်တို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။ အဲအတွက် ဒီတခေါက် ပဉ္စမအကြိမ်အစည်းအဝေးမှာ မီဒီယာလောသာ တက်လာမယ်ဆိုရင် အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။” ကချင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခ။ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး) “ကျနော်တို့ပြည်နယ်မှာ ငြိမ်းချမ်းရေးကအရေးကြီးဆုံး ဖြစ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။  ကျနော်တို့လည်းပဲ ကချင်ပြည်နယ်ကိုယ်စား၊ ပြည်သူတွေကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စား ပါဝင်ဆောင်ရွက်ခွင့်ရနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အဓိကထား အလေးအနက်ထားပြီးတော့ ကြိုးစားဆောင်ရွက်နေပါတယ်။ စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မေးခွန်း ၄ ခုမေးခဲ့တယ်။ ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်းဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးကြာနေတာက နှစ်ဖက်စလုံးက ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေလို့ဖြစ်ပါတယ်။ ယုံကြည်မှုကို နှစ်ဖက်စလုံး ပြောနေပေမယ့် ဒီနေ့အထိ တကယ် ယုံကြည်မှုတည်ဆောက်ပြတာ ပြည်သူတွေအနေနဲ့ မတွေ့သေးဘူး။ လက်တွေ့ ယုံကြည်မှု မတည်ဆောက်တဲ့အနေအထားမှာ ပါးစပ်နဲ့ပဲ ပြောနေတဲ့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ ခက်နေတယ်လို့ မြင်ပါတယ်။ နှစ်ဖက်တပ်တွေရဲ့ ပဋိပက္ခဟာ သူတို့ဟာ ရှေ့တန်းမှာ နီးနီးကပ်ကပ်ရှိနေတဲ့အတွက် ကိုယ့်အသက် ၁ ချောင်းကို ကာကွယ်နေရတော့ ကိုယ်အရင်မြင် ကိုယ်ပစ်၊ သူအရင်မြင် သူပစ်ဆိုတဲ့ အနေအထားပေါ့။ ဒါကြောင့် ဒီပဋိပက္ခဟာ စဉ်ဆက်မပြတ် ၁ နှစ်ကျော် ဖြစ်နေရခြင်းဖြစ်ပါတယ်။ ကျနော်လည်း ပြည်နယ်အဆင့်မှာ၊ ပြည်ထောင်စုအဆင့်မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆိုပေမယ့်လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာ ဆွေးနွေးရ ဆုံးဖြတ်ရ ခက်ခဲတာမျိုးဖြစ်ဖြစ်သွားတယ်။ နောက်ဆုံးတော့ တပ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်နိုင်တဲ့ အကြီးအကဲတွေပါဝင်ပြီး ဆုံးဖြတ်မှပဲ ဒီကိစ္စက တိုးတက်နိုင်မယ့် အနေအထားရှိတယ်။ တွေ့နိုင်အောင် အားလုံးက၊ ငြိမ်းချမ်းရေးလည်း လိုချင်တယ်။ နှစ်ဖက်စလုံးကလည်း ကြိုးစားနေပါတယ်။ အထူးသဖြင့် ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်နေလို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကတော့ အစိုးရရော၊ ကေအိုင်အေ၊ ကေအိုင်အိုကရော ဆန္ဒရှိပါတယ်။ ဒါပေမယ့် တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ပါလာတဲ့အတွက် နိုင်ငံရေးအရ ဖြေရှင်းမှ ပြီးပြည့်စုံမယ့် အနေအထားမျိုး ငြိမ်းချမ်းရေးရရှိမှာဖြစ်တယ်။ နိုင်ငံရေးအရဖြေရှင်းဖို့ အနေအထားမရောက်နိုင်ဘဲ စစ်ရေးနဲ့ ဖြေရှင်းဖို့ အနေအထားမျိုးဖြစ်နေတော့ စစ်ရေးနဲ့ကျတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ဖြစ်ခဲ့ပြီးပြီဆိုတော့ စစ်ရေးနဲ့ဆိုရင် ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ ဒါကြောင့် နှစ်ဖက်စလုံး တွေ့ဆုံနိုင်ဖို့လုပ်နေတယ်။ ကြားထဲမှာ အကျိုးတော်ဆောင်အဖွဲ့တွေလည်း ကြိုးစားနေတယ်။ ကျနော်လည်း နိုင်ငံတော်အကြီးအကဲတွေနဲ့ရော၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကချင်အဖွဲ့တွေနဲ့ရော ထိတွေ့ ကြိုးစားနေပါတယ်။” ၁၉၈၂ နိုင်ငံသားဥပဒေ။ ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ်) “လွှတ်တော်တွေပြီးတဲ့အခါ ပြည်သူလူထုနဲ့ အတွေ့အကြုံရှင်းလင်းပွဲတွေ လုပ်ပါတယ်။ တဆက်တည်းမှာပဲ ပြည်သူလူထုဆီက အကြံဥာဏ်တွေတောင်းပါတယ်။ တောင်းတဲ့အခါ ရပ်ကွက်ထဲမှာ၊ မြို့နယ်ထဲမှာ ရှိတဲ့ ပြည်သူတွေက သူတို့ရဲ့ အခက်အခဲတွေ အကျပ်အတည်းတွေကို တင်ပြပါတယ်။ ဒါတွေ ဒါတွေတော့ လုပ်ပေးပါဆိုပြီး။ ကျမကတော့ ရန်ကုန်မှာရှိနေတဲ့အခါ တော်တော်များများတွေ့တာကတော့ စည်ပင်ကိစ္စတွေ တော်တော်များများတွေ့ပါတယ်။ တွေ့ရှိချက်တွေကို ပြန်စုပြီး သက်ဆိုင်ရာ ဌာနတွေနဲ့ တွေ့ဆုံဖို့ ကြိုးစားပါတယ်။ ၄ ဦးနဲ့တော့ တွေ့ပြီးပြီ။ ပညာရေးကိစ္စတွေ တွေ့ပြီးပြီ။ မြို့နယ်သက်ဆိုင်ရာ ရဲတွေနဲ့ တွေ့ထားတယ်။ လ၀ကဦးစီးမှူးတွေနဲ့ တွေ့တယ်။ တော်တော်များများကတော့ အဆင်ပြေတဲ့သဘောရှိပါတယ်။ ကျန်နေသေးတာက စည်ပင်ကိစ္စပေါ့။ မြို့နယ်နဲ့ ပတ်သက်လို့ အရေးတကြီးလုပ်ရမယ့် ဆောင်ရွက်ရမှာ အများကြီး ရှိပါတယ်။ စည်ပင်နဲ့တွေ့ပြီး သူတို့က ဘာတွေလုပ်ပေးနိုင်မလဲ မလုပ်ပေးနိုင်တာတွေကို ကျမတို့က လွှတ်တော်တင် ဆွေးနွေးသွားမယ်။ နောက် နိုင်ငံသားအခွင့်အရေး ဥပဒေ။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေခံစားနေရတာနဲ့ ကွဲလွဲနေတာတွေ ရှိပါတယ်။ အဲဒါ တခုတော့ တွေ့ထားတာရှိတယ်။ ဒါကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ တိုင်ပင်ဖို့ ရှိပါတယ်။ ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးမှာတော့ ဘာတွေဆွေးနွေးမလဲဆိုတာ အကြမ်းဖျင်းပြောရရင် ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအရ သက်ဆိုင်ရာနယ်မြေခံ ဌာနဆိုင်ရာတွေက လုပ်မပေးနိုင်တာတွေ ရှိနေတယ်ဆိုတာတွေ တင်ဖို့ရှိတယ်။ လက်ရှိ တင်ဖို့က တွေ့ဆုံဖို့ ဌာနကျန်တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်နဲ့။ သူတို့နဲ့တွေ့ပြီးရင် ဘယ်ကိစ္စကို တင်မလဲဆိုတာ ဆုံးဖြတ်သွားမှာပါ။” နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း။ ဦးခင်မောင်ဦး (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး) “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းက တကယ်ကျတော့ ၉ လလောက်ရှိသွားပြီ လုပ်ခဲ့ကြတာ။ အခြေခံကတော့ ပြည်သူတွေထဲမှာ အကြောင်းအရာတွေလိုက်စုတယ်။ ဒီကနေ ချမှတ်လိုက်တဲ့ ဥပဒေကြမ်းကို လိုအပ်ရင်ဖြည့်ကြပါဆိုပြီး သတင်းစာကနေ ကြေညာခဲ့တယ်။ ကြေညာတဲ့အတိုင်းပဲ UMFCCI ကနေ ဦးတို့ ကော်မတီဆီကို ညီနောင်အသင်း ၄၀ လောက်နေ အကြံဥာဏ်ပြုစာတွေ၊ စိုးရိမ်တဲ့ ပြင်ဆင်ရမယ့် အကြောင်းတွေ ပို့လာတယ်။ ဒါတွေကိုလည်း အလေးထားပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်ဆွေးနွေးကြတယ်၊ ပြီးတော့ အမျိုးသားလွှတ်တော်ကိုပို့ပေးလိုက်တယ်။ အမျိုးသားလွှတ်တော်ကနေ သမ္မတကို ပို့လိုက်တယ်။ နောက် သမ္မတကနေ သဘောထားမှတ်ချက်နဲ့ ပြန်လာတယ်။ ကောင်းပါတယ်။ အရေးအသားလောက်ပဲ ပြန်ပြင်ဆင်သွားတာပါ။ နည်းဥပဒေအရဆိုတဲ့ စကားမျိုးကျတော့ ပုံစံက ဥပဒေက မပေါ်သေးဘူး၊ နည်းဥပဒေက ပြန်ကိုးကားရမယ်ဆိုတာမျိုးကျတော့ ဖအေ့ထက် သားတလကြီး၊ နည်းဥပဒေဆိုတဲ့သားလေးက ဖအေ့ကို အုပ်ချုပ်ထားသလိုဖြစ်နေလို့ ဒါလေးတွေတော့ ထိုက်သင့်သလောက်ပြင်ဆင်ထားတာရှိတယ်။ ဒါလည်းပဲ သမ္မတကြီး လက်ခံမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီဘက်က လုပ်ငန်းရှင်တွေနဲ့တကွ လာရောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂိုလ်တွေရဲ့ စိုးရိမ်စိတ်ကလေးနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ယူရမယ့် အပိုင်း ၂ ခုကို ယှဉ်ကြည့်လိုက်တော့ MIC က လက်ခံပြီး လုပ်လိုက်တဲ့ကိစ္စကို တချို့ကိစ္စတွေမှာ အင်မတန်ကြီးကျယ်ပါတယ်။ incentive (မက်လုံးပေး) ထားတဲ့ကိစ္စမျိုမှာ ဥပမာ servicing ကိစ္စမျိုး incentive ပေးတဲ့အခါ နိုင်ငံအတွက် နစ်နာတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး ကိစ္စမျိုးပေးလိုက်တဲ့အခါ ၅ နှစ်လုံးလုံး ၀င်ငွေခွန်နဲ့ အမြတ်ခွန်မဆောင်ရဘူးဆိုတော့ နိုင်ငံအတွက် နစ်နာတယ်။” “အစုရှယ်ယာဝေစုခွဲဝေမှုအပိုင်းမှာ သမ္မတရဲ့ သဘောထားမှတ်ချက်က စစပိုင်းမှာ ၄၅:၅၀ ပုံစံအချိုးကနေ ၅၀:၅၀ ဖြစ်သွားတယ်။ အဲမှာဆိုရင် ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့ အခုလောလောဆယ်က ဥပဒေကြမ်းကော်မတီက ညှိနှိုင်းတဲ့အချိုးဆိုပြီး ပြန်လည် သဘောတူထားပါတယ်။ အင်မတန် flexible ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအချိုးအနေနဲ့တော့ အိုကေ။ အန်ကယ်တင်ပြလိုတာက ဒါတွေအပြင်ကို ဖြည့်စွက်ရမယ့် အပိုဒ် ၁ ပိုဒ် ဖြည့်ဖို့လိုအပ်တယ်လို့ ဒါက private ပါ။ ကော်မတီနဲ့မဆိုင်ပါဘူး. အန်ကယ့်သုံးသပ်ချက်ပါ။ ၂၅ ရက်နေ့မှာ ဒါကို အမည်စာရင်းပေးတင်သွင်းပါဆိုတော့ အန်ကယ် အမည်စာရင်းပေးပါမယ်။ အကြောင်းအကျိုးပြချက်နဲ့အတူ တာဝန်ခံတဲ့နေရာမှာ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်) တင်မဟုတ်ဘဲ နိုင်ငံတော်အစိုးရအဖွဲ့ကပါ တာဝန်ခံတဲ့အဆင့်ထိ ရောက်အောင် promote လုပ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုအတွက်လည်း ခိုင်မာသွားအောင်၊ နိုင်ငံတော်အတွက် သုံးသပ်တဲ့အခါလည်း နစ်နာမှုတွေ နည်းနိုင်သမျှနည်းအောင် ဖန်တီးနိုင်အောင် အစိုးရအဖွဲ့တဖွဲ့လုံးကို တာဝန်ယူပါဆိုတဲ့ ပုံစံမျိုး အဆိုပြုဖို့ရှိပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024