ထိုင်းယာဉ်ထိန်းရဲက မြန်မာအလုပ်သမတဦးကို အရေးပေါ် ကလေးကူမွေးပေး (ရုပ်သံ)
DVB
·
April 10, 2019
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကပိနယ်မြေထဲမှာ ထိုင်းယာဉ်ထိန်းရဲတဦးက ကိုယ်ဝန်ဆောင် မြန်မာရွေ့ပြောင်း အလုပ်သမတဦးကို အရေးပေါ်ကလေးမွေးကူခဲ့ပါတယ်။
ယမန်နေ့ ညနေ ၆ နာရီကျော်လောက်က ယာဉ်ထိန်းရဲတစ်စုဟာ ဘန်ကောက် အနုဆ၀ရီ ချိုင်းဆမော်ရဖွန်း အမြန်လမ်းမကြီးပေါ်တာဝန်ထမ်းဆောင်နေစဉ် ဘန်ကပိနယ်မြေ ဖစ်ကဆဲမ် လမ်းပေါ်ရှိ အလုပ်သမားတန်းလျားတခုက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဗိုက်အလွန်နာ ကျင်နေကြောင်း အကူအညီတောင်းလာတဲ့အတွက် လူနာတင်ကားနဲ့အတူ သွားရောက်ကြည့်ရှု ခဲ့တယ်လို့ တာဝန်ကျရဲယာဉ်ထိန်းရဲတဦးက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါနေရာဟာ Syntec ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ အနောက်ဘက် အလုပ်သမား တန်းလျားမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အသက် ၃၃ နှစ်ရွယ်ရှိ မညိုဆိုသူ မြန်မာ ရွေ့ပြောင်း အလုပ်သမတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးမှာ ဆေးရုံမသွားရခင် အဲဒီနေရာမှာဘဲ မွေးဖွားခဲ့ပြီး ယာဉ်ထိန်းရဲက ကလေးငယ် အပြင်ရောက်ရေး ကူညီပေးခဲ့ပါတယ်။
ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ကျန်းမာသန်စွမ်းကြောင်း၊ ဒီကလေးဟာ မညိုရဲ့ ဒုတိယမြောက်ကလေးဖြစ်ပြီး မိခင်ရော ကလေးပါ လိုအပ်တဲ့ ပြုစုမှုတွေခံယူနိုင်ဖို့ လူနာတင်ကားနဲ့ ရာ့ခ်ျဝိထီဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ တာဝန်ကျယာဉ်ထိန်းရဲက ပြောသွားပါတယ်။
ဓာတ်ပုံ - mgronline