နိုင်ငံ့ ဂျီဒီပီ ၇.၆ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်း၊ နိုင်ငံခြားငွေ ပိုမိုရရှိအောင် ကြိုးပမ်းရန် သမ္မတ တိုက်တွန်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက်မှုနှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိစေဖို့ မျှော်မှန်း ထားတယ်လို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
ဧပြီ ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့နဲ့ နိုင်ငံခြားငွေတွေ ပိုမိုရရှိအောင် ကြိုးပမ်းကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။
“၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ အဓိကအနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာခြားမှုကြောင့် လိုငွေ၊ မြေယာလျော်ကြေး၊ ဝန်ထမ်းများအတွက် ထပ်မံလိုအပ်တဲ့ လစာငွေ၊ ခရီးစရိတ်၊ နိုင်ငံတော်ကိုပေးဆောင်ဖို့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်း ခွန်၊ နိုင်ငံတော် ထည့်ဝင်ငွေအတွက် အသုံးစရိတ်တွေ တောင်းခံကြတာ တွေ့ရပါတယ်၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း ကွာခြားချက်အပေါ် တောင်းခံရခြင်းဟာ ပြည်ပက ပစ္စည်းတွေ ဝယ်ယူတာ၊ နိုင်ငံခြားငွေနဲ့ ပေးချေရတဲ့ အရင်းအတိုး ပေးဆပ်ခြင်း အသုံးစရိတ်တို့အတွက် ဖြစ်တာကို တွေ့ရှိရပါတယ်၊ ထို့ကြောင့် နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမှုများကို ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်ကြရန်၊ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေ လျော့နည်းလာတာကြောင့် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေနဲ့ သုံးစွဲမယ့်အစား ပြည်တွင်း ကျပ်ငွေနဲ့ပဲ သုံးစွဲကြဖို့၊ နိုင်ငံခြားငွေပိုမိုရရှိလာရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။”
အစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင်ဒုဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းတွေရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခဲ့သလို ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကလည်း တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးအတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုမှာ သာမန်အသုံးစရိတ် ငွေကျပ် ၉၇၁ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၄၆၇ ဘီလီယံ၊ ကြွေးမြီအသုံးစရိတ် ငွေကျပ် ၂၁၁ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေကျပ် ၇၀၉ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းတွေရဲ့ ထပ်မံတိုးမြှင့်သုံးစွဲငွေ ကျပ် ၂၇၇ ဘီလီယံ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ငွေကျပ် ၂၆၃၅ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေ ကျပ်၂၆၃၅ ဘီလီယံထဲမှာ တိုင်းဒေသကြီး/ ပြည်နယ် တွေထံ လိုငွေအတွက် ထပ်မံထောက်ပံ့ငွေကျပ် ၃၉ ဘီလီယံပါဝင်တယ်လို့လည်းဆိုပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ငွေကျပ် ၂၂၄ ဒသမ ၆၉၇ ဘီလီယံရှိပြီး ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုပါက ဖြစ်ပေါ်လာမယ့် တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလ ခန့်မှန်းခြေမှာ ငွေကျပ် ၁၇၉၃ ဒသမ ၆၄၅ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတာဝန်ရှိသူတွေအနေနဲ့ မဖြစ်မနေ သုံးစွဲဖို့ လိုအပ်တဲ့ အသုံးစရိတ်တွေကိုသာ တောင်းခံကြဖို့၊ ဟန်ပြလုပ်ငန်းတွေအတွက်သုံးစွဲတာမျိုးမဖြစ်စေဘဲ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိစေမယ့် လုပ်ငန်းတွေ အတွက်သာသုံးစွဲကြဖို့၊ အသုံးစရိတ်တွေကို သုံးစွဲရာမှာလည်း လိုအပ်သည့်နေရာမှာသာ ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်းတွေနဲ့ အညီ စနစ်တကျ ထိထိရောက်ရောက် အလေအလွင့်မရှိ သုံးစွဲနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။
ဒ့ါအပြင် တည်ဆောက်ရေးလုပ်ငန်းတွေ၊ ဝယ်ယူရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူ တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဘဏ္ဍာရေးနှစ်အတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့၊ စီမံကိန်းတွေအတွက် တင်ဒါလုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါ ခေါ်ယူမှုတွေမလုပ်ကြဖို့နဲ့ တင်ဒါစည်းမျဉ်းအတွင်း လက်တလုံးခြား လုပ်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ် လို့လည်း သမ္မတ က သတိပေးပြောကြားသွားပါတယ်။