ကမ္ဘာ့လက်နက်ဈေးကွက်တွင် ရုရှားစစ်လက်နက်ပစ္စည်း ဒုတိယ ရောင်းအကောင်းဆုံး ဖြစ် (ရုပ်သံ)

1.6K
ရုရှားနိုင်ငံရဲ့ စစ်ရေးအသုံးစရိတ် ပမာဏဟာ အမေရိကန်နိုင်ငံထက် ၁၅ ဆ ပိုနည်းပေမယ့် ရုရှားရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ တကမ္ဘာလုံးရဲ့ စိတ်ဝင်စားခံရပြီး ကမ္ဘာ့လက်နက်ဈေးကွက်မှာ ဒုတိယ ရောင်းအားအကောင်းဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် စစ်လက်နက်ပစ္စည်းတင်ပို့တဲ့ ဝင်ငွေဟာလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် ရပါတယ်။
အော်စစ် Orsis T-5000 အမျိုးအစား ရိုင်ဖယ်ဟာ သူ့နယ်ပယ်မှာ ခေတ်အမီဆုံးနဲ့ အဆင့်မြင့်ဆုံး sniper rifle သေနတ်အမျိုးအစားပါ။ အဲဒီသေနတ်ကို နိုင်ငံပိုင် အော်စစ်ကုမ္ပဏီက ထုတ်လုပ်ပြီး သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရုရှား ထောက်လှမ်းရေးအဖွဲ့ (FSO) က သုံးပါတယ်။
အော်စစ်ကုမ္ပဏီဟာ ရုရှားရဲ့ စစ်လက်နက်သစ် ပြယုဂ်တခု ဖြစ်တဲ့အပြင် ရုရှားစစ်တပ်ဟာ ဘယ်လမ်းကြောင်းကို သွားနေတယ်ဆိုတဲ့ ဦးတည်ချက်ရဲ့ စံဥပမာဆိုလည်း မမှားပါဘူး။
ရုရှားဟာ သူ့စစ်တပ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ တန်ဖိုးရှိတဲ့ လက်နက်ပြန်လည်တပ်ဆင်ရေး စီမံကိန်းကို ၂၀၂၀ ခုနှစ်အထိ အစီအစဉ် ဆွဲထားတာပါ။
အဲဒီစီမံကိန်းအရ stealth တိုက်လေယာဉ် အမျိုးအစားအသစ်၊ အာမာတာ (Armata) တင့်ကားနဲ့ ဒရုန်းလေယာဉ်တွေအပြင် မြေပြင်တိုက်ခိုက်ရေး ယာဉ်တွေကို ထုတ်လုပ်သွားမှာပါ။
ရုရှားရဲ့ စစ်ရေးဘတ်ဂျက်နဲ့ လက်နက်ပြန်လည်တပ်ဆင်ရေး စီမံကိန်းတွေဟာ အသုံးစရိတ်သက်သက်အတွက် မဟုတ်ဘဲ စစ်လက်နက်ထုတ်လုပ်မှု နည်းပညာ အဆင့်မြှင့်တင်ရေးအပြင် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်သူတွေကို အလုပ်ပေးဖို့နဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု မြှင့်တင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းသစ်အတွက် ဦးဆောင်လမ်းပြနိုင်ရေး မြှင့်တင်ဖို့ အထောက်အကူ ပြုနေပါတယ်။
စစ်လက်နက်ဆိုင်ရာ နည်းပညာတွေ တိုးတက်နေပေမယ့် ရုရှားစစ်တပ်ရဲ့ တပ်စိတ်တွေဆီကို ပို့ဆောင်ရေးကတော့ ထင်သလောက် ခရီးမရောက်သေးပါဘူး။
ရုရှားရဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး အာမာတာ တင့်ကားအစီးရေ ၂၃၀၀ ကို ၂၀၂၀ ခုနှစ်မှာ တပ်စိတ်တွေဆီကို ပို့ဖို့ မျှော်မှန်းထားပေမယ့် အခုချိန်ထိ အစီး ၁၀၀ ပဲ ပို့ရပါသေးတယ်။