မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် လီဗာပူးနဲ့ ပေါ်တိုတို့ ပွဲစဉ်မှာ လီဗာပူးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးအတွက် ပွဲချိန် ၅ မိနစ်မှာ ကီတာနဲ့ ၂၆ မိနစ်မှာ ဖာမီနိုတို့က ဂိုးတွေ သွင်းယူပေးခဲ့တာပါ။
ပေါ်တိုအသင်းဟာ ဒီပွဲစဉ်မှာ လီဗာပူးနဲ့ ခြေစွမ်းပိုင်း အတော်လေး ကွာဟခဲ့သလို ပွဲချိန်ပြည့်နီးပါး လီဗာပူးအသင်းရဲ့ ဖိအားပေး တိုက်စစ်ဆင်မှုကို ခံခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးကွင်းလယ်က အကောင်းဆုံး ခြေစွမ်းပြကစားခဲ့တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ဥရောပပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲမရှိတဲ့ စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့ကာ အိမ်ကွင်း ၂၁ ပွဲ ကစားထားတာမှာ ၁၅ ပွဲနိုင် ၆ ပွဲ သရေကျထားပြီး အဲဒီထဲမှာ ဂိုးမပေးရတဲ့ပွဲက ၁၂ ပွဲထိ ရှိခဲ့ပါတယ်။
နောက်ထပ်ထူးခြားချက်တခုကတော့ လီဗာပူးနည်းပြ ကလော့ပ်အတွက် နည်းပြသက်တမ်းတလျှောက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲပေါင်း ၄၀၀ ပြည့်ခဲ့တာဖြစ်ပြီး လီဗာပူးအတွက် ၁၁၁ ပွဲ၊ ဒေါ့မန်အတွက် ပွဲပေါင်း ၁၈၀ နဲ့ မိန့်ဇ်အတွက် ၁၀၉ ပွဲ အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုပွဲနိုင်တဲ့ လီဗာပူးအသင်း နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားပြီး ဒီနှစ်သင်း ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမယ့် ဧပြီ ၁၈ ရက်နေ့ ပေါ်တိုကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။