ချန်ပီယံလိဂ် ကွာတား ပကေျာ့တွင် စပါးက မန်စီးတီးကို အနိုင်ယူ (ရုပ်သံ)
Published By
DVB | 10 April, 2019
1.9K
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ မန်စီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ စပါးအသင်းက အိမ်ကွင်းမှာ ဆွန်ဟောင်မင်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပရီးမီးယားလိဂ်ကလပ်နှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ ဒီပွဲစဉ်မှာ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ကြပြီး ပထမပိုင်းမှာတော့ ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။
စပါးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ ဆွန်ဟောင်မင်က သွင်းယူပေးခဲ့ပါတယ်။
နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး စပါးအသင်းမှာတော့ ဒဏ်ရာက
ပြန်လည်သက်သာလာတဲ့ အယ်လီနဲ့ ဟယ်ရီကိန်း နှစ်ဦးစလုံး ပြန်လည်ပါဝင်လာခဲ့ပါတယ်။
နှစ်သင်းပေါင်း ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ထိ ရှိခဲ့ပေမယ့် ၆ ကြိမ်လောက်ပဲ ဂိုးပေါက်တည့်ခဲ့ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာ မန်စီးတီးအသင်း ပယ်နယ်တီကန်ခွင့် ရခဲ့ပေမယ့် တိုက်စစ်မှူး အဂွေရို ကန်သွင်းရာမှာ စပါးဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးအသင်း နစ်နာခဲ့ရပါတယ်။
ဒီပွဲမှာ စပါးအတွက် တလုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆွန်ဟောင်မင်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အခုပွဲ အနိုင်ရလဒ်ကြောင့် စပါးအသင်းအတွက် နောက်တဆင့် တက်ရောက်ဖို့ အခြေအနေကောင်းသွားပြီး ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဧပြီ ၁၈ ရက်နေ့ မန်စီးတီးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။