အာဖဂန်တွင် လမ်းဘေးထောင်ဗုံးတလုံး ပေါက်ကွဲ၊ အမေရိကန်စစ်သည် ၃ ဦးအပါအဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ - AFP
1.4K
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မြောက်ပိုင်း ဘာဂရန်လေတပ် အခြေစိုက်စခန်းနားမှာ ဧပြီ ၈ ရက်က လမ်းဘေးထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ စစ်တပ်ယာဉ်တန်းပေါ်က အမေရိကန်စစ်သည် သုံးဦးနဲ့ ကန်ထရိုက်တာတဦး သေဆုံးတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
တာလီဘန်အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် တခြားလူ သုံးဦးလည်း ဒဏ်ရာရတယ်လို့ အမေရိကန်နဲ့ နေတိုး စစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။
ဘာဂရမ်ခရိုင်ထဲက စစ်စခန်းဟာ ပါဝမ်ခရိုင်မြောက်ပိုင်းမှာ ရှိပြီး အာဖဂန်နိုင်ငံအတွင်း အမေရိကန်လေတပ်ရဲ့ အဓိကစခန်းအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။
ဒဏ်ရာရသူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဆေးကုပေးနေတယ်လို့ အမေရိကန် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် ကာကွယ်ရေး မူဝါဒအရ သေဆုံးသူတွေရဲ့ ဆွေမျိုးရင်းချာတွေကို အကြောင်းကြားပြီးမှသာ သေဆုံးသူတွေရဲ့ နာမည်တွေကို ထုတ်ပြန်ကြေညာမယ်လို့ ကြေညာချက်က ဆိုပါတယ်။
အမေရိကန် ပါဝင်တိုက်ခိုက်သမျှ စစ်ပွဲတွေထဲမှာ သက်တမ်းအကြာဆုံးဖြစ်တဲ့ အာဖဂန်စစ်ပွဲကို အဆုံးသတ်ရေး နည်းလမ်းပိုရှာနေပေမယ့် ငြိမ်းချမ်းရေးရဖို့ ခက်နေသေးတာကို ဒီဖြစ်ရပ်က ပြနေတယ်လို့ အေပီသတင်းဌာနက သုံးသပ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်စစ်သည် သေဆုံးမှုဟာ ဒီနှစ်ထဲမှာ ၇ ဦး ရှိသွားပြီိလို့လည်း အေပီက ထုတ်ပြန်ပါတယ်။