ဆန္ဒပြပွဲများ အရှိန်မြင့်နေသည့် ဆူဒန်တွင် သမ္မတ ဦးဆောင်ပြီး ကာလုံအစည်းအဝေး ကျင်းပ

1.2K
ဆူဒန်နိုင်ငံတွင်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေလို့ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှားဟာ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို သဘာပတိအဖြစ် ဧပြီ ၇ ရက်နေ့က ဦးဆောင်ကျင်းပခဲ့ပါတယ်။
မြို့တော် ကာရ်တွန်မ်မှာရှိတဲ့ သမ္မတ ဘာရှားရဲ့ အိမ်အပြင်ဘက်မှာ ထောင်ချီတဲ့လူတွေ စုဝေးပြီး ဆန္ဒပြနေကြတာကြောင့် စစ်သားတွေက ကြားဝင်တားဆီးခဲ့ကြပါတယ်။
ဒါ့အပြင် ဧပြီ ၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက်မှာ အမျိုးသား၊ အမျိုးသမီး ၃ ထောင်ကျော် စုဝေးခဲ့ကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေဟာ ဆန္ဒပြလူအုပ်ကို ဖြိုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေကိုလည်း ထရပ်ကားပေါ် ဖမ်းခေါ်သွားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆူဒန်အစိုးရက ပေါင်မုန့်ဈေးနှုန်းမြှင့်တင်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကတည်းက ဆူဒန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ မကြာခဏ ပေါ်ပေါက်ခဲ့တာပါ။
အမေရိကန်နိုင်ငံက ဆူဒန်နိုင်ငံအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ ဒဏ်ခတ်ခဲ့တာအပြင် တောင်ဆူဒန်နိုင်ငံ ခွဲထွက်သွားတဲ့ ၂၀၁၁ ကတည်းက ရေနံဘဏ္ဍာငွေ ဆုံးရှုံးမှုတွေကြောင့် ဆူဒန်ပြည်သူ သန်း ၄၀ လောက်ဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
သမ္မတ ဘာရှားဟာ စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ပြီးနောက် အာဏာရလာခဲ့တာပါ။
အနောက်ဘက် ဒါဖူဒေသမှာ စစ်ရေးရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဘာရှားကို နိုင်ငံတကာ အစိုးရရှေ့နေအဖွဲ့က အလိုရှိနေပါတယ်။
သမ္မတ ဘာရှားဟာ အတိုက်အခံတွေကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ပြီး သူ့ရဲ့မူဝါဒတွေကြောင့် တိုင်းပြည်စီးပွားရေး ပျက်ခဲ့ရတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်စီးပွားရေး ကျဆင်းလာတာဟာ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်မှုတွေကြောင့်လို့ သမ္မတ ဘာရှားက အပြစ်တင်ခဲ့ပါတယ်။