ဒီးမော့ဆိုမြို့နယ်၌ ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် တံခွန်တိုင်ပွဲတော်ကျင်းပ









2.3K
၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် တံခွန်တိုင် ပွဲတော် တိုင်တော်စိုက်ထူတဲ့အခမ်းအနားကို ဒီကနေ့ ဧပြီ ၉ ရက် မနက်က ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာ တံခွန်တိုင်ဝန်းမှာ ပြုလုပ်ပါတယ်။
ကေ့ထျိုးဘိုး တိုင်တော်ကို မနက် ၆ နာရီမှာ စုပေါင်း စိုက်ထူကြပြီး ကေ့ထျိုးဘိုး ဗျာစယ်ကနေ ဆုတောင်း မေတ္တာပို့သကာ တိုင်တော်ကို စုပေါင်းဂါရဝပြု ကခုန်ခဲ့ကြပါတယ်။
စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့် တံခွန်တိုင် စိုက်ထူပွဲမှာ တိုင်းရင်းသားလူမျိုး ရေးရာ ပြည်ထောင်စုဝင်ကြီး နိုင်သက်လွင်တက်ရောက်ခဲ့သလို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီက တာဝန်ရှိသူတွေ က ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
အခမ်းအနားတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က “ပွဲတော်ကြီးကို နှစ်ကာလရှည်ကြာအောင် အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက် ကျင်းပလာခဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပါကြောင်း၊ မိုးလေဝသ မှန်ကန်စေရေး၊ ဆန်ရေစပါးပေါများစေရေး၊ ရောဂါဘယကင်းဝေးစေရေးနဲ့ တိုင်းပြည်အေးချမ်း သာယာရေး စတဲ့မျှော်မှန်းချက်နဲ့ ကျင်းပတဲ့ ပွဲတော်ကြီးဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ အေးချမ်းသာယာသော လူနေမှုဘဝ ရရှိရေးအတွက် ကောင်းမွန်တဲ့ မျှော်မှန်းချက် ဖြစ်တယ်” လို့ ပြောပါတယ်။
အလားတူ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့် တို့ကလည်း အားပေးအမှာစကား ပြောကြားခဲ့ပါတယ်။
စုပေါင်းတံခွန်တိုင်ပွဲတော်ကို ဧပြီ ၅ ရက်ကနေ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ရိုးရာအကတွေ၊ အားကစားပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ခဲ့ကာ ဒီကနေ့မှာတော့ ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဘန်းရီကတော့ အခုကျင်းပတဲ့ စုပေါင်း တံခွန်တိုင်ပွဲတော်မှာ လူပေါင်း ၇၀၀၀ ကျော်တက်ရောက်ခဲ့ပြီး သိန်း ၄၀၀ ခန့် ကုန်ကျခဲ့ကြောင်း ပြောပါတယ်။
“ကျနော်တို့ ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်က ကျပ် ၅၈သိန်းခွဲ ပံ့ပိုးပါတယ်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ၂၅ သိန်း၊ နောက်ထပ်တခြားအဖွဲ့အစည်း ဥပမာ ကယန်းပြည်သစ်ပါတီအဖွဲ့အစည်းက မန္တလေးအခြေစိုက် စီးပွားရေးတာဝန်ခံက အားလုံးသန်း ၆၀ နောက်ကျန်တဲ့ အဖွဲ့အစည်းအသီးသီက အများကြီးရှိပါတယ်။ ၁၀ သိန်း ၁၅ သိန်း ထောက်ပံမှုတွေ အများကြီးရှိပါတယ်။ ကျနော်တို့ အာလုံးအလှူငွေ ၂၀၀ ကျော်ရတယ်။ ပွဲရဲ့ရန်ပုံငွေကုန်ကျစရိတ်က ကျပ် သိန်း ၄၀၀လောက်ရှိပါတယ်။”
ကေ့ထျိုးဘိုး တံခွန်တိုင်ပွဲတော်ကို ကယား၊ ကယန်း၊ ယင်းတလဲ စတဲ့ တိုင်းရင်းသားလူမျိုး တွေက ရှေးဘိုးဘွားဘီဘင်လက်ထက်ကနေ ခေတ်အဆက်ဆက် ထိန်းသိမ်းကျင်းပလာခဲ့တဲ့ ပွဲတော်ဖြစ်ပြီး နှစ်စဉ်တန်ခူးလဆန်း ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပလေ့ ရှိကြပါတယ်။
တံခွန်တိုင်ပွဲတော်ကို မိုးလေ၀သမှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်းအောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည်အေးချမ်းသာယာပြီး ကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။
စုပေါင်း ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် တံခွန်တိုင်ပွဲတော် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက် လင်းကျေးရွာမှာပြုလုပ်ပြီး လာမယ့်နှစ်ကိုတော့ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးအုပ်စု ဒေါလျာခူကျေးရွာမှာ ကျင်းမှာ ဖြစ်ပါတယ်။