ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေနဲ့ သဘာဝလွန် စူပါဟီးရိုး ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Hellboy ရုပ်ရှင်ကို လာမယ့် ဧပြီ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Neil Marshall က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ အမေရိကန် Comics Artist တယောက်ဖြစ်တဲ့ Mike Mignola ရဲ့ နာမည်ကြီး ရုပ်ပြဇာတ်လမ်းဖြစ်တဲ့ Hellboy ကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်လိုက်တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
Hellboy ဇာတ်ကောင်နဲ့ ၂၀၀၄ ခုနှစ်မှာ ပထမဆုံး ရုပ်ရှင်ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ဒုတိယရုပ်ရှင် Hellboy II: The Golden Army ကိုတော့ ၂၀၀၈ ခုနှစ်မှာ ရိုက်ကူးခဲ့တာမို့ ခုထွက်လာတဲ့ ရုပ်ရှင်ကားကတော့ တတိယမြောက်ကားအဖြစ် ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ အဓိကဇာတ်ကောင် Hellboy အဖြစ် အမေရိကန် သရုပ်ဆောင်မင်းသား David Harbour က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အပြိုင် ရက်စက်တဲ့ စုန်းမဇာတ်ကောင် Blood Queen နေရာမှာတော့ နာမည်ကြီး အမေရိကန် သရုပ်ဆောင်မင်းသမီး Milla Jovovich တို့က အတွဲညီညီ ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။
စွန့်စားမှုအသားပေး သဘာဝလွန် အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးပြီး ထွက်ရှိခဲ့တဲ့ Hellboy ရုပ်ရှင်ကားတွေဟာ Box Office မှာ ဝင်ငွေစံချိန်တင်ရရှိခဲ့ပြီး အောင်မြင်ခဲ့တာမို့ ဒီကားကရော Box Office မှာ စံချိန်ချိုးနိုင်မလား ဆိုတာကတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။