Home
မြန်မာသတင်း
လူကုန်ကူးခံရသူများအတွက် နိုင်ငံတကာအဆင့်မီ ဂေဟာ ရန်ကုန်တွင် ဆောက်မည်
နေဖြိုးဝင်း
·
April 9, 2019
လူကုန်ကူးခံရသူတွေကို ယာယီလက်ခံ ကူညီစောင့်ရှောက်ထားနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ ဂေဟာတခုကို  ရန်ကုန်မြို့မှာ အစိုးရက ဆောက်လုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။ ဒီဂေဟာကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မကုန်ခင် ပြီးစီးမယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က မီဒီယာတွေကို  ပြောပါတယ်။ "အခု ဒီနှစ်မကုန်ခင်မှာ ရန်ကုန်မှာ နိုင်ငံတကာအဆင့်မီ လူကုန်ကူးခံရသူတွေ ယာယီ လက်ခံဆောင်ရွက်ရေး ဂေဟာတခု ဆောက်ဖို့ စီစဉ်နေပါပြီ။ မျှော်မှန်းချက်အရ ၂၀၂၀ မကုန်ခင်မှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်ထဲမှာ ဆောက်မှာပါ။ လူဦးရေ ၁၀၀ ထိ လက်ခံနိုင်ဖို့ မျှော်မှန်းထားပါတယ်။ နောက်တခုက တခြားအချက်အချာကျတဲ့ မြို့ကြီးတွေမှာ တိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်" ဒီကနေ့ ဧပြီလ ၉ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနမှာပြုလုပ်တဲ့ လူကုန်ကူးခံရသူတွေ ကူညီပံ့ပိုးနိုင်ဖို့ စွမ်းဆောင်ရည်တိုးတက်ရေးအတွက် ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်း စီမံကိန်းရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်မှာ လက်ရှိ မူဆယ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့မှာပဲ လူကုန်ကူးခံရသူတွေ ယာယီလက်ခံဆောင်ရွက်ရေး ဂေဟာ ၃ ခုပဲရှိသေးတယ်လို့ သိရပါတယ်။ ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ဖွဲ့စည်းပုံ အင်အားတိုးချဲ့ဖို့နဲ့ ဘဏ္ဍာငွေတိုးရအောင် ဆောင်ရွက်နေပြီး ရလာမယ်ဆိုရင်တော့ ဂေဟာတွေ ထပ်မံတိုးချဲ့သွားမယ်လို့ ဒု ညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က ပြောပါတယ်။ "ကျနော်တို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ဖွဲ့စည်းပုံတိုးချဲ့ခွင့်ရရှိမယ်၊ ဘဏ္ဍာငွေ တိုးတက်ရရှိမယ်ဆိုရင် လူကုန်ကူးခံရတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ နယ်စပ်မြို့ကြီးတွေမှာ လူကုန်ကူးခံရသူတွေ ယာယီလက်ခံ ဆောင်ရွက်ရေးဂေဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " လူကုန်ကူးခံရသူတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့လုပ်ချင်တဲ့ လုပ်ငန်း၊ အတတ်ပညာ၊ အရပ်ဒေသရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး တယောက်ချင်းစီအတွက် အသေးစိတ်စီမံချက်တွေ ရေးဆွဲပြီး ကိုက်ညီတဲ့ အကူအညီပေးတယ်လို့လည်း သိရပါတယ်။ "သူ့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အကူအညီကို ပေးပါတယ်။ ကျနော်တို့ ရဲ့ ဘဏ္ဍာငွေလျာထားမှုမှာတော့ လူကုန်ကူးခံရသူတဦးကို ကျပ် ဆယ်သိန်းထိ ရင်းနှီးမြှုပ်နှံ ဖို့အတွက် ပြန်လည်ထူထောင်ဖို့အတွက် အထောက်အပံ့ပေးပါတယ်" လို့ ဒေါက်တာထွန်းဇော်က ပြောပါတယ်။ မြန်မာနိုင်ငံကနေ လူကုန်ကူးခံရတဲ့အမှုတွေမှာ ပုံစံအမျိုးမျိုးနဲ့ရှိပြီး နယ်နိမိတ်ချင်းထိစပ်နေ တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံကို လူကုန်ကူးခံရတာ အများဆုံးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024