A d v e r t i s e m e n t With Us

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင် – Peterloo (နမူနာ)

ဖြစ်ရပ်မှန် သမိုင်းနောက်ခံဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Peterloo ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကတည်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Mike Leigh က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က ဗြိတိန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၈၁၉ ခုနှစ်က မန်ချက်စတာမြို့နဲ့ အနီးနားဒေသမှာ လူ ၆ သောင်းလောက်က ဆန္ဒပြခဲ့ကြလို့ အစိုးရက ဖြိုခွင်းခဲ့ရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ စိန့်ပီတာကွင်းပြင်မှာ မဲပေးခွင့်ရရှိဖို့နဲ့ ပါလီမန်စနစ် ပြုပြင်ပြောင်းလဲမှုအတွက် ဆန္ဒပြခဲ့ကြတာပါ။ ဒီဖြစ်စဉ်မှာ ဆန္ဒပြခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှု၊ လူ ၁၅ ဦးကို သတ်ဖြတ်ခဲ့မှု၊ လူ ၇၀၀ လောက်ကို ထိခိုက်ဒဏ်ရာ ရစေမှုတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ ဘယ်လို ပုံဖော်ဖန်တီးထားမလဲ ဆိုတာတွေကို ပရိသတ်တွေ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Rory Kinnear၊ Maxine Peake၊ Pearce Quigley စတဲ့ သရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေ ပါဝင်ထားခဲ့ကြတာပါ။ ဒီကားဟာ IMDb မှာတော့ Rating 6.5 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice International Film Festival မှာ မနှစ်က ကနဦးပြသခဲ့တာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up