အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ကီယာစ်ဂျန် နီလ်ဆင် ရာထူးက နုတ်ထွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ကီယာစ်ဂျန် နီလ်ဆင် (Kirstjen Nielsen) ရာထူးက နုတ်ထွက်သွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာစာမျက်နှာမှာ ဧပြီ ၇ ရက်ေန့က ကြေညာခဲ့ပါတယ်။
ကီယာစ်ဂျန် နီလ်ဆင် အနေနဲ့ ဆန္ဒအလျောက် ရာထူးက နုတ်ထွက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ CBS သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာပါ။
အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ကော်မရှင်နာ ကယ်ဗင် မတ်အယ်လီနန်ဟာ ပြည်တွင်းလုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ သမ္မတ ထရမ့်က နောက်ထပ် တွစ်တာပို့စ်တခုမှာ ရေးသားခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် ကီယာစ်ဂျန် နီလ်ဆင်ဟာ ပြည်တွင်းလုံခြုံရေး ဝန်ကြီးရာထူးကို ၂၀၁၇ ဒီဇင်ဘာလမှာ စတင်ထမ်းဆောင်ခဲ့ပါတယ်။
ထရမ့်ဟာ မက္ကဆီကိုနဲ့ ဗဟိုအမေရိကက ဒုက္ခသည်တွေ သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း မပါဘဲ အမေရိကန်နိုင်ငံကို ဝင်ရောက်မှုနှုန်း လျှော့ချဖို့ ကြိုးစားနေချိန်မှာ နီလ်ဆင်ရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနဟာ ထရမ့်ရဲ့ အငြင်းပွားဖွယ် မူဝါဒတွေကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရပါတယ်။
မက္ကဆီကိုနဲ့ နယ်စပ်မှာ တံတိုင်းဆောက်မယ့် ကိစ္စနဲ့ ဒုက္ခသည် မိသားစုတွေဆီကနေ ကလေးတွေကို သီးသန့်ခွဲထုတ်ဖို့ ကြိုးစားတဲ့ ထရမ့်ရဲ့ အစီအစဉ်တွေကိုလည်း နီလ်ဆင်ကပဲ ကြီးကြပ်ခဲ့ရပါတယ်။
လွှတ်တော်အနေနဲ့ ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ အမေရိကန် ဥပဒေကို ပြန်မပြင်ဆင်ဘူး ဆိုရင် မက္ကဆီကိုနဲ့နယ်စပ် ဒါမှမဟုတ် နယ်စပ်တစိတ်တပိုင်းကို ပိတ်ပစ်မယ်လို့ ထရမ့်က မကြာသေးခင်က ခြိမ်းခြောက်ခဲ့ပါတယ်။