ဖမ်းဆီးခံ ABSDF မြောက်ပိုင်း ဒု ဥက္ကဋ္ဌအမှု သင်္ကြန်မတိုင်ခင် အပြီးသတ်အမိန့်ချမည်
DVB
·
April 8, 2019
မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးအပါအဝင် ၃ ယောက်ကို ဧပြီ ၈ ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တရားရုံးမှာ ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။
ဒီနေ့ရုံးချိန်းမှာ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းနဲ့ ABSDF အကျိုးဆောင်ရှေ့နေ ဦးတင်လှိုင်တို့က ၂ ဖက် လျှောက်လဲချက်တင်ခဲ့ကြပါတယ်။
သင်္ကြန်မရောက်ခင် ဧပြီ ၁၁ ရက်မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပြီး အခြေအနေမဆိုးဘူးလို့ ယူဆပေမယ့် ဒီဂရီမချခင်တိတိကျကျမပြောနိုင်သေးဘူးလို့ အကျိုးဆောင် ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။
ABSDF ဒုဥက္ကဋ္ဌ အပါအ၀င် ၃ ဦးကို မိုးညှင်းမြို့နေ ရဲဘော်တဦးရဲ့ နေရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ညမှာ ဖမ်းဆီးခံရပြီး မတရားသင်းဆက်သွယ်မှုနဲ့ တရားဆွဲခဲ့တာပါ။
ဒီနေ့ရုံးချိန်းကို ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနဲ့ အဝေးရောက် ABSDF ကျောင်းသားဟောင်းတွေအပြင် မြို့ပေါ်က စိတ်ဝင်စားသူတွေ လာရောက် ဝန်းရံခဲ့ကြပါတယ်။
သတင်း- မုန်းမုန်းမင်း