လားရှိုးရှိ ‘၀’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုဌာနချုပ် နေရာပြောင်းရွှေ့
ခွန်ဇော်ဦး
·
April 8, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက်(၁)၊ ဗျူဟာလမ်းမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဗဟိုဌာနချုပ်အဖြစ် ဖွင့်လှစ်ထားတဲ့ ‘၀’ အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီ ရုံးချုပ်ကို ဟိုပန်မြို့မှာ ဒီကနေ့ ပြောင်းလဲ ဖွင့်လှစ်လိုက်ပါတယ်။
ရုံးပြောင်းလဲဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်ပြီး ‘၀’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ဦးဆိုင်နပ်က “ ဗဟိုဌာနချုပ်ရုံးကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့မှာ ပြောင်းပြီးဖွင့်ရတာကတော့ အကြောင်းအရာ အထွေအထူးမရှိပါဘူး။ ၀ ဒေသနဲ့ ၀ ပါတီ လိုက်ရောညီထွေ ဖြစ်အောင်လို့ပါ ”လို့ ပြောပါတယ်။
‘၀’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီကို ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်က စတင်တည်ထောင်ခဲ့ပြီး လားရှိုးမြို့မှာ ဗဟိုဌာချုပ်အဖြစ် ပါတီတည်ထောင်စဉ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
‘၀’ အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိ ကျင်းပခဲ့တဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ‘၀’ ပြည်နယ်ရရှိရေးအတွက် တောင်းဆိုခဲ့တဲ့အတွက် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရရှိခဲ့ပါတယ်။