ဆော်ဒီမှ ထွက်ပြေးရန် ကြိုးစားသည့် လူ ၄ ဦးက စစ်ဆေးရေးစခန်းကို တိုက်ခိုက်၊ ၂ ဦးသေဆုံး

1.3K
ဆော်ဒီအာရေဗျနိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ လူလေးဦးဟာ နိုင်ငံအရှေ့ပိုင်းက လုံခြုံရေးစစ်ဆေးတဲ့ စခန်းတခုကို သေနတ်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဦးသေပြီး နှစ်ဦး ဖမ်းမိခဲ့တယ်လို့ ဆော်ဒီအစိုးရပိုင် အယ်လ် အာရေးဗီးယား ရုပ်သံက ဧပြီ ၇ ရက်မှာ ပြောပါတယ်။
ဆော်ဒီအရှေ့ပိုင်း ပြည်နယ်ကို ဆော်ဒီနဲ့ အိမ်နီးချင်း ဘာရိန်း၊ ကူဝိတ်နိုင်ငံတွေနဲ့ ဆက်သွယ်ထားတဲ့ အဘူဟာဒရီယာ အဝေးပြေးလမ်းပေါ်မှာ တိုက်ခိုက်ခံရတာလို့ ရုပ်သံက ကြေညာပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။
ဒီပြည်နယ်ထဲမှာ ရှီးယိုက်မွတ်စလင် လူနည်းစုက သူတို့ကို ခွဲခြားဖိနှိပ်တယ်လို့ မကျေမနပ် ပြောရင်း ဆွန်နီမွတ်စလင် အစိုးရနဲ့ ဆက်ဆံရေးက ပေါက်ကွဲလုနီးပါး ဖြစ်နေတာပါ။
၂၀၁၁ ကစပြီး ဒေသတွင်းမှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။ ရှီးယိုက် စစ်သွေးကြွတွေက ဆော်ဒီ လုံခြုံရေးတပ်တွေအပေါ် လူသေတဲ့အထိ တိုက်ခိုက်တာတွေ ထပ်ခါတလဲလဲ လုပ်ခဲ့ပါတယ်။
၂၀၁၇ နောက်ပိုင်းမှာ လုံခြုံရေးတပ်တွေက သေနတ်သမားတွေကို တိုက်ထုတ်အပြီး အကြမ်းဖက်မှုတွေ အဖြစ်နည်းသွားခဲ့ပါတယ်။