ဇွဲကပင်ပလာဇာ မြေညီထပ်ဆိုင်ခန်းများ အရစ်ကျရောင်းချ

891
ကျပ်သန်း ၁၅ ဘီလီယံ အကုန်အကျခံတည်ဆောက်နေတဲ့ ဘားအံမြို့ရဲ့ ပထမဆုံး ဇွဲကပင်ပလာဇာ အဆင့်မြင့် ဈေးဝယ်စင်တာရဲ့ မြေညီထပ်ဆိုင်ခန်းနေရာတွေကို ဧပြီ ၇ ရက်ကစပြီး အရစ်ကျစနစ်နဲ့ မိတ်ဆက်ရောင်းချပေးနေတယ်လို့ UHM Development ကုမ္ပဏီက ပြောပါတယ်။
ဒေသတွင်း အလုပ်အကိုင်ဖန်းတီးပေးနိုင်ဖို့၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာတဲ့ အဆင့်မြင့် ဈေးဝယ်စင်တာကြီးဖော်ဆောင်နိုင်ဖို့၊ လုံခြုံစိတ်ချရတဲ့ ၀န်ဆောင်မှုတွေနဲ့ စိတ်အေးချမ်းသာ ရောင်းဝယ်နိုင်ဖို့၊ ပြည်နယ်အတွက် အခွန်ဝင်ငွေတိုးပွားရရှိစေဖို့ ရည်ရွယ်ပြီး ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေးဝယ်စင်တာကို တည်ဆောက်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
UHM Development ကုမ္ပဏီ၊ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်အောင်ရွှေက “ဆိုင်ရှင်တွေ ကိုယ်ပိုင်ဆိုင်ခန်းတွေနဲ့ ဖွင့်လှစ်ရောင်းချနိုင်အောင်။ အဆင့်မြင့်ဈေးတွေဖြစ်ဖို့လိုတယ်။ မြေညီထပ်ကို ဒေသခံဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ ဖွင့်လှစ်ရောင်းချနိုင်ဖို့အတွက် ဦးစားပေးပြီး ဆောင်ရွက်တယ်။ ၀ယ်ယူသူတွေအနေနဲ့ အဆင်ပြေစေဖို့ အရစ်ကျစနစ်နဲ့ နှစ်ရှည် ဘဏ်သွင်းစနစ်တွေနဲ့လည်း ရောင်းချပေးနေတယ်” လို့ ပြောပါတယ်။
ဆိုင်ခန်းတွေရောင်းချပေးရာမှာ ၂၅ နာရီ လုံခြုံရေးစနစ်၊ ရေ၊ မီး၊ အဲယားကွန်းစနစ်တွေ ပါဝင်ပြီး ၁၀ ပေ၊ ၈ ပေ အကျယ်ဆိုင်ခန်းကို ကျပ်သိန်း ၃၀၀၊ ဆိုင်ခန်းအကျယ်ပေါ်လိုက်ပြီး ကုမ္ပဏီက ၁၀ လ (၁၀ ရစ်) အတိုးမဲ့၊ ဘဏ်အရစ်ကျ ၅ နှစ်ပေးချေစနစ်တွေနဲ့ ရောင်းပေးနေ တာပါ။
အဆိုပါ ဈေးဝယ်စင်တာကို UHM ကုမ္ပဏီက နှစ် ၄၀ စာချုပ်နဲ့ ကျပ်သန်းပေါင်း ၁၅ ဘီလီယံအကုန်အကျခံပြီး ယခင်ကားကြီးကွင်းဟောင်းမြေ ဧရိယာ ၃ ဒသမ ၃၄၄ ဧကပေါ်မှာ ဆိုင်ခန်းပေါင်း ၅၀၀ လောက်ပါဝင်တဲ့ ၅ ထပ် အဆောက်အဦကို ၂ နှစ်အတွင်း အပြီး တည်ဆောက်မှာဖြစ်ပြီး ဒေသခံ ၂၅၀၀ ကို အလုပ်အကိုင် အခွင့်အရေးပေးနိုင်မှာ ဖြစ်ပါတယ်။
ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ မမိုးဝါက “ဘားအံမှာ ဒီပလာဇာက အခုမှ ပထမဆုံးဘဲ လေ။ ပထမဆုံးဖွင့်တဲ့ ပလာဇာတခုအနေနဲ့ အစ်မတို့ ဘားအံမြို့အတွက် ဂုဏ်ယူပါတယ်။ ဒီပလာဇာမှာ လာပြီးတော့ ၀ယ်ယူခွင့်ရတဲ့အတွက်လည်း ၀မ်းသာပါတယ်။ ကျမတို့ ဘားအံမြို့က လူတွေအားလုံးလည်း ဒီပလာဇာကြီးမှာ လာရောက်ဝယ်ယူခွင့်ရကြတဲ့အတွက် ၀မ်းသာကြ လိမ့်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဖီးနစ်ဓာတ်ပုံ ဦးမျိုးအောင်က “ဒေသခံတွေ အများကြီး အလုပ်ရနိုင်တယ်။ များသောအားဖြစ် ကရင်ပြည်နယ်က ကလေးတွေက ထိုင်းနိုင်ငံကိုပဲသွားဖို့ တာစူတာများတယ်။ ကိုယ်တိုင်းပြည်မှာ ဒါမျိုးရှိတဲ့အခါကျတော့ ကိုယ်ဟာကိုယ် အဆင်ပြေမယ် ဆိုရင်လည်း အလုပ်တွေ တည်ထောင်လို့ရတယ်။ ကိုယ်ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးမှုတွေ ပိုပြီးတော့ ဖြစ်လာမယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြားရင်းနှီမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပြီး လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ကင်းလွတ်ခွင့် ၇ နှစ် လုပ်ကိုင်ခွင့်ပေးထား ပါတယ်။
ကရင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်မှုကဏ္ဍမှာ လုပ်ငန်း ၂ ခု နဲ့ စွမ်းအင်ကဏ္ဍမှာ ၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂၂၃ သန်းကျော်၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကျပ်သန်းပေါင်း ၁၃၆ သန်းကျော် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားတယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က သိရပါတယ်။
ရဲမင်းခေါင်