ထိုင်းလဝက ရဲဒုဗိုလ်ချုပ်ကြီး ရာထူးရွှေ့ပြောင်းခံရသည့်အပေါ် ပြည်သူများ အံ့အားသင့်

ထိုင်းနိုင်ငံက လူကုန်ကူးမှု၊ တရားမဝင် နိုင်ငံခြားသားနှိမ်နင်းမှု၊ မူးယစ်မှု၊ ငွေကြေးခဝါချမှု စတဲ့အမှုတွေနဲ့ပတ်သက်ပြီး ကောင်းစွာ ဆောင်ရွက်နှိမ်နင်းနိုင်တယ်လို့ နာမည်ကောင်းရတဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်တရက် ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။
ဌာနဆိုင်ရာလုပ်ငန်းတွေ ပိုမိုစနစ်ကျစေဖို့အတွက် လဝက ရဲဒုဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းအား နဂိုတာဝန်ဝတ္တရားနှင့် မပတ်သက်တော့သော ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဌာနချုပ်သို့ ညွှန်ကြားရေးမှူးတာဝန်အဖြစ် ရွှေ့ပြောင်းခန့်ထားလိုက်ကြောင်း ဧပြီ ၅ ရက် နေ့စွဲနဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး ကျကထစ်ပ် ထိုင်းကျင်းဒါးကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တာဝန်ဝတ္တရားကို မိသားစုအရေးထက် ပိုဦးစားပေးပြီး အထက်လူကြီးတွေရော လက်အောက်ခံ ဝန်ထမ်းတွေနဲ့ပါ အဆင်ပြေအောင် ပေါင်းသင်းတတ်သူ၊ အသက် ၄၀ ကျော်ရုံလေးနဲ့ အကြီးအကဲရာထူး ရလာသူ ရဲ ဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်း အခုလို ရုတ်တရက် ပြောင်းရွှေ့ခံရတဲ့အပေါ် ထိုင်းပြည်သူတွေ အံ့သြနေကြတာပါ။
ပြောင်းရွှေ့စာထွက်ပြီးတဲ့နောက် လဝကရဲဒုတိယဗိုလ်ချုပ်ကြီးရဲ့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ လိုင်း စတဲ့ ကိုယ်ပိုင်လူမှုကွန်ရက်တွေမှာလည်း လှုပ်ရှားတာမရှိတဲ့အပြင် ဝီကီပီးဒီးယားပေါ်မှာလည်း သူ့ရဲ့ ကိုယ်ရေးရာဇဝင်တွေ ဝင်ကြည့်လို့မရဘူးလို့ Matichon သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ ထိုင်းမီဒီယာမှာ သူ ဘာကြောင့် ပြောင်းရွှေ့ခံရသလဲ၊ ခု သူဘယ်ရောက်နေလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြပြီး ဖြစ်နိုင်ချေတွေလည်း ထင်ကြေးပေးနေကြပါတယ်။
တချို့ကတော့ လဝကရဲတပ်ဖွဲ့တွင်း အရာရှိ အရာခံ ရာထူးခန့်အပ်တာ၊ လွှဲပြောင်းတဲ့ကိစ္စမှာ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟာ အဓိက ဆုံးဖြတ်ပေးတဲ့သူ ဖြစ်တာကြောင့် ရာထူးရရေး လာဘ်စားတဲ့ကိစ္စမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။
တချို့ကလည်း ရဲချုပ်ကြီး ဆူရချေ့ဟာ အရင်တပတ်က အလှအပ ပြုပြင်ခွဲစိတ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတခုကို အများပြည်သူအပေါ် လိမ်လည်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီကုမ္ပဏီမှာ နိုင်ငံခြားကနေ ဘတ်သန်းပေါင်းထောင်နဲ့ချီ လာရောက်ရင်းနှီးထားသလို ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေနဲ့လည်း နီးစပ်တာကြောင့် ကုမ္ပဏီသူဌေးမတဦးကို ဖမ်းဆီးအရေးယူတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ကြေးပေးပါတယ်။
ချန်နယ်လ် ၃ သတင်းမှာတော့ လစ်လပ်သွားတဲ့ ထိုင်းလဝက ရဲဒုတိယရဲချုပ်ကြီး နေရာ အစားထိုးခန့်ထားရေးနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဧပြီ ၉ ရက်နေ့မှာ အစည်းအဝေးတရပ် ကျင်းပဖို့ ရှိတဲ့အတွက် အဲဒီနေ့မှာတော့ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့နဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းအချက်အလက်တွေ ရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပထမဆုံး အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီးရလာသူတဦး ဖြစ်ပါတယ်။