ပုဏ္ဏားကျွန်းတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦး ဖမ်းဆီးခံရ
DVB
·
April 8, 2019
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ညမထွက်ရအမိန့်အား ဖောက်ဖျက်သူ အမျိုးသား ၄ ဦး ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၆ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်လောက်က ရှေ့တန်းအမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်လွင်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းနဲ့ ခမရ (၃၇၂) မှ ဗိုလ်မှူး အောင်မျိုးဟိန်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ကာလအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ ရွှဝင်းထွန်း(ခ)ပေါက်စချေ မောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းကျော်ဌေးအပါအ၀င် ၄ ဦးက လိုက်ပါလာတဲ့ 5A/×××× Canter ၆ ဘီးယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
စစ်ဆေးမေးမြန်းချက်အရ သူတို့ ၄ ဥိးဟာ ရသေ့တောင်မြို့ကို ညဘက်သွားမရတာကြောင့် ပုဏ္ဏားကျွန်းမြို့မှာ သွားရောက်ညအိပ်ပြီး မနက် ရသေ့တောင်မြို့ကို သွားရောက်ဖို့ ထွက်ခွာလာတာလို့ သိရပါတယ်။
ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦးအား မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ ဦးတိုက်လျှောက်တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။