Home
မြန်မာသတင်း
လက်ရှိ လျှပ်စစ်သုံးစွဲသည့် အမြင့်ဆုံးပမာဏ မဂ္ဂါဝပ် ၃၇၀၀ ရှိ
ပိုင်စိုး
·
April 7, 2019
မြန်မာနိုင်ငံမှာ လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲတာဟာ အမြင့်ဆုံးပမာဏ ၃၇၀၀ မဂ္ဂါဝပ်ရှိပြီး ပြီးခဲ့တဲ့ ၄ နှစ်ကထက် မဂ္ဂါဝပ် ၁၀၀၀ ကျော်ပိုလာပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ တတိယ တနှစ်တာဆောင်ရွက်ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားတာပါ။ လျှပ်စစ်အမြင့်ဆုံး သုံးစွဲတာမှာ ၂၀၁၅ ခုနှစ်က ၂၃၅၀ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ်မှာ ၂၆၇၀ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်မှာ ၂၉၀၀ မဂ္ဂါဝပ်ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ မဂ္ဂါဝပ် ၄၀၀ လောက် ပိုသုံးလာပါတယ်။ ဒု ဝန်ကြီး ဒေါက်တာထွန်းနိုင်က “အခုလို တနှစ်အတွင်းမှာ ဓာတ်အား မဂ္ဂါဝပ် ၄၀၀ အထိ တိုးတက်သုံးစွဲလာတာက တော်တော်ကြီးမားတဲ့ ပမာဏဖြစ်ပြီး စက်ရုံအကြီးကြီးတွေ လိုအပ်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်အားပေးစက်ရုံတွေ များများတည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီကဏ္ဍဟာ အရင်းနှီးနဲ့ အချိန်တွေအများကြီးပေးရပါတယ်။ ရေတိုကာလအတွင်း လျှပ်စစ်နဲ့ဘဏ္ဍာငွေကြေးတွေလည်း အများကြီးလိုအပ်ပါတယ်။ ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်စရာမလိုဘဲ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အား ပိုထုတ်နိုင်ဖို့ တည်ဆောက်ထားပြီးဖြစ်တဲ့ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ နှစ်စဉ် ဒီဇိုင်းအရ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်ပမာဏထက် ပိုတိုးထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်” လို့ ပြောပါတယ်။ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မတ်လမှာ ၃၆၅၄ မဂ္ဂါဝပ် အများဆုံး ထုတ်လုပ်ခဲ့ပြီး အခု ဧပြီမှာတော့ ၃၆၀၉ မဂ္ဂါဝပ် အမြင့်ဆုံးဖြစ်ပါတယ်။ ဘီလူးချောင်း ၁ ရေအားလျှပ်စစ်စက်ရုံဟာ ဒီဇိုင်းအရ တနှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်း ၂၀၀ ထုတ်ပေးနေပြီး တိုးချဲ့ထုတ်လုပ်ဖို့ ကြိုးစားပြီးနောက် အခုအခါ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၄ သန်းအထိ ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လောပိတစက်ရုံက တနှစ်ကို မဂ္ဂါဝပ်နာရီ ၁၁၉၀ ထုတ်ပေးနိုင်တဲ့ ဒီဇိုင်းဖြစ်ပေမယ့် ၁၂၆၂ မဂ္ဂါဝပ်နာရီအထိ တိုးထုတ်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ရှိပြီးသား စက်ရုံတွေက လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တဲ့အပြင် မြင်းခြံမြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၂ ရုံ၊ ကျောက်ဆည်မြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ၊ သထုံမြို့နယ်မှာ ဓာတ်အားပေးစက်ရုံ ၁ ရုံ၊ ရာဇဂြိုဟ်နဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂ ရုံတို့ကို တည်ဆောက်ပြီးစီးခဲ့ပြီလို့လည်း ဆိုပါတယ်။ ဒု ဝန်ကြီး ဒေါက်တာထွန်းနိုင်က “ကျနော်တို့နိုင်ငံမှာ ၂၀၁၆ ခုနှစ် မတ်လမှာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရတဲ့ အိမ်ထောင်စုဦးရေ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။ အခု ဖေဖော်ဝါရီလကုန်အထိ အခုနှစ်မှာဆိုရင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၈ သန်းအထိ ရရှိခဲ့တဲ့အတွက် ၄၄ ရာခိုင်နှုန်း ရရှိလာတာဖြစ်ပါတယ်။ တနှစ်တာအတွင်း အိမ်ထောင်စု ၄ သိန်းခွဲ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးတော့ အစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆- ၁၇ ခုနှစ်က System Breakdown ၁၇ ကြိမ်လောက် ဖြစ်ခဲ့ပြီး ၂၀၁၈- ၁၉ မှာတော့ ၂ ကြိမ်ပဲ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတာမှာ အရှုံးတွေဖြစ်နေပြီး ဓာတ်အားခ အရှုံးပေါ်တိုင်း ပြည်သူပေးဆောင်ရတဲ့ ဓာတ်အားခမြင့်တက်မှာ မဟုတ်ဘဲ အရှုံးလျော့နည်း စေရေး ပထမဆုံးလုပ်ပြီး ထုတ်လုပ်မှုစရိတ်လျှော့ချတာ၊ ဓာတ်အားပျောက်ဆုံးတာကို နည်းအောင်လုပ်တာ၊ စဉ်ဆက်မပြတ် ဓာတ်အားပေးပြီး ဝင်ငွေတိုးအောင် ကြိုးပမ်းရတယ် လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024