ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်ဥက္ကလာ ဟောပြောပွဲ ကန့်ကွက်ခံရ၊ လုံခြုံရေးတင်းကြပ်
DVB
·
April 7, 2019
တောင်ဥက္ကလာမြို့နယ် ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို ဟောပြောခွင့်မပေးဖို့ မျိုးချစ်သံတွေက လာရောက်ကန့်ကွက်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံမှာ ဒီကနေ့ နေ့လယ်ပိုင်း ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံ ဟောပြောပွဲကို မျိုးချစ်အဖွဲ့ဝင်တွေနဲ့ မျိုးချစ်သံဃာတွေက လာရောက်ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး တင်းကြပ်ထားပါတယ်။
ဖွဲ့စည်းပြင်ဆင်ရေး ထောက်ခံ ဟောပြောပွဲမှာ စာရေးဆရာထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို ဟောပြောခွင့်မပေးဖို့ သံဃာတွေက ပြောပါတယ်။
လာကန့်ကွက်သူ ဘုန်းကြီးတပါးက “ဦးဇင်းတို့က အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်တာ မဟုတ်ဘူး။ ဒီ ၂ ယောက်ကိုပဲ လာကန့်ကွက်တာ” လို့ ပြောပါတယ်။
အဲဒီနေရာကို ရောက်နေတဲ့ ဒီဗွီဘီအကြီးတန်းသတင်းထောက် ကိုအေးနိုင်က “ကန့်ကွက်တဲ့ ဘုန်းကြီးတွေကလည်း အခု ပန်းခြံထဲက တနေရာမှာ ရှိနေတယ်။ အခု ကိုနေမျိုးဇင် ဟောနေတယ်။ ပြီးရင် ကိုထင်လင်းဦး ဟောမယ်။ ပြီးမှ ရဲက အရေးယူမယ်နဲ့ တူတယ်” လို့ ပြောပါတယ်။
လက်ရှိဟောပြောပွဲမှာတော့ ရဲအင်အား ၅၀ လောက်က လုံခြုံရေးယူပေးနေတယ် လို့လည်း ပြောပါတယ်။