အာဖဂန်နစ္စတန်တွင် ပေါက်ကွဲမှုနှစ်ခုကြောင့် ၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ
အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ဧပြီ ၆ ရက်က ပေါက်ကွဲမှု နှစ်ခုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရတယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
သေဆုံး ဒဏ်ရာရသူတွေထဲမှာ ကလေး ၂ ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၈ ယောက် ပါဝင်တယ်လို့ နန်ဂါဟာပြည်နယ် အစိုးရ တာဝန်ရှိသူက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ ၂၀၁၅ ခုနှစ်က နန်ဂါဟာ ပြည်နယ်မှာ အိုင်အက်စ်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ဗုံးခွဲတာတွေ၊ တိုက်ခိုက်တာတွေကြောင့် အာဖဂန်နစ္စတန်ရဲ့ အန္တရာယ်အရှိဆုံး စစ်သွေးကြွအဖွဲ့တခု ဖြစ်လာပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်ပြုလုပ်နေချိန်မှာ စစ်သွေးကြွအဖွဲ့အချင်းချင်း တိုက်ပွဲတွေ၊ အာဖဂန်နဲ့ တာလီဘန် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း ပြင်းထန်လာနေပါတယ်။