၅၄ နှစ်လုံးလုံး ဆံပင်မညှပ်ခဲ့တဲ့ တရုတ်အဘိုးအို

ပြီးခဲ့တဲ့ ၅၄ နှစ်လုံးလုံး တကြိမ်တခါမှ ဆံပင်ညှပ်ခဲ့ခြင်းမရှိတဲ့ အဘိုးအိုတဦးရဲ့ ၅ ဒသမ ၅ မီတာ ရှည်လျားတဲ့ ဆံပင်ကို ဂင်းနစ်မှတ်တမ်းဝင်ခွင့်ရရေး ကြိုးပမ်းဖို့ တရုတ်နိုင်ငံ အင်တာနက်အသုံးပြုတွေက ဝိုင်းဝန်းတိုက်တွန်းနေကြတယ်လို့ ဧပြီ ၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီအမျိုးသားဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း လီရှန်းမြို့မှာ နေထိုင်သူဖြစ်ပြီး အလှပြင်ဆိုင်တခုကို သွားရောက်ခေါင်းလျှော်ရာကနေ အင်တာနက်အသုံးပြုသူတွေအတွက် အာရုံစိုက်စရာ ဖြစ်လာခဲ့တာပါ။ အသက် ၇၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အေကီရဲ့ ခေါင်းလျှော်နေတဲ့ပုံကို သူ့ချွေးမက ဗွီဒီယို ရိုက်ပြီး လူမှုကွန်ရက်ပေါ် ဖော်ပြရာကနေ ဒီလိုပျံ့နှံ့သွားခဲ့တာဖြစ်ပြီး သူက အသက် ၂၃ နှစ်အရွယ်ကနေ စပြီး ဆံပင် မညှပ်တော့တာလို့ ပြောပါတယ်။ အေကီရဲ့ ဆံပင်တွေဟာ တခုနဲ့တခု လိမ်ကျစ်ပူးကစ်နေတာကြောင့် dreadlock ပုံစံပေါ်ပေါက်နေတာဖြစ်ပြီး သူ့ဆံပင်တွေကို တလ နှစ်ခါလောက် သွားလျှော်ရတယ်လို့ သိရပါတယ်။ ခေါင်းလျှော်ရာမှာလည်း အနည်းဆုံး လူ နှစ်ဦး သုံးဦးလောက်က နှစ်နာရီခွဲ သုံးနာရီကြာ လျော်ပေးရတယ်လို့ အေကီရဲ့ ချွေးမက ပြောပါတယ်။ အေကီဟာ ဆံပင်အရှည်ထားခြင်းက မိသားစုရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်တာကြောင့် အခုလို ဆံပင်မညှပ်ဘဲ နေခဲ့တာဖြစ်ပြီး သူ့ဆံပင်အရှည်ကြီးတွေကို ပိုက်ဆံ ပေးဝယ်ယူတာတောင်ရှိခဲ့ဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အေကီက ငွေထက် သူ့မိသားစု ကျန်းမာရေးက ပိုအရေးကြီးတယ်လို့ ယူဆတာကြောင့် အဲ့ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့လည်း ချွေးမကပြောပါတယ်။ “ဒီဆံပင်အရှည်ကြီးတွေက ကျမတို့အတွက်တော့ ထူးဆန်းနေပေမယ့် သူ့အတွက်ကတော့ ပုံမှန်ပါပဲ။ သူဟာ ဒီဆံပင်အထွေးလိုက်ကြီးတွေနဲ့ အချိန်ကြာမြင့်စွာ နေခဲ့သူဖြစ်တာကြောင့် ဆံပင်တွေက သူ့အတွက် အနှောင့်အယှက်ဖြစ်စရာ မရှိတော့ပါဘူး” လို့ အေကီရဲ့ ချွေးမကပြောပါတယ်။ အေကီဟာ သူ့ဆံပင်အရှည်ကြီးတွေကို ခေါင်းမှာ ခေါင်းပေါင်းပေါင်းသလို ပေါင်းထားလေ့ရှိသူဖြစ်ပြီး ဒီလိုပေါင်းနိုင်ဖို့ကို သူ့မြေးမြစ်တွေရဲ့ အကူအညီကို ယူရပါတယ်။ ၅ ဒသမ ၅ မီတာအထိ ရှည်လျားတဲ့ ဆံပင်တွေကြောင့် တရုတ်နိုင်ငံသားအချို့က ဒါကို ဂင်းနစ်မှတ်တမ်းတင်သင့်တယ်လို့ တိုက်တွန်းနေကြပေမယ့် အေကီကတော့ သူ့ဆံပင်တွေဟာ မိသားစုကျန်းမာရေးအတွက်ဖြစ်ပြီး သူကိုယ်တိုင်လည်း နာမည်မကြီးချင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အေကီရဲ့ ဆံပင်တွေဟာ အင်တာနက်အသုံးပြုသူတွေအတွက် ပြောစရာ အကြောင်းအရာတရပ်ဖြစ်နေပြီး တချို့ကတော့ သူ့ဆံပင်တွေနဲ့ ရည်ရွယ်ချက်ကို သဘောကျနှစ်သက်ကာ တချို့ကလည်း သူ့အသက်အရွယ်နဲ့ ကျန်းမာရေးအတွက် ဆံပင်တွေကို ညှပ်လိုက်သင့်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up