Home
မြန်မာသတင်း
တနိုင်ငံလုံး လျှပ်စစ်လိုအပ်ချက် ထက်ဝက် မပြည့်နိုင်သေးဟု အတိုင်ပင်ခံပြော
ပိုင်စိုး
·
April 6, 2019
လက်ရှိအချိန်ထိ တနိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်ရဲ့ ထက်ဝက်ကို မပြည့်နိုင်သေးပေမယ့် ဒီနှစ် မကုန်ခင် ပြည့်နိုင်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ မနေ့က မွန်ပြည်နယ် မော်လမြိုင်မှာ လုပ်တဲ့ ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း၊ ၆၆/၃၃ ကေဗွီ၊ ၂ဝ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးနားချင်းနိုင်ငံတော်တော်များများမှာ ၈ဝ ရာခိုင်နှုန်းကျော်၊ ၉ဝ ရာခိုင်နှုန်းကျော်၊ ၁ဝဝ ရာနှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်နေတာကိုတွေ့ရပြီး ဒီနိုင်ငံမှာတော့ ၅၀ ရာခိုင်နှုန်းတောင် မပြည့်သေးဘဲ ပိုပြီး ကြိုးစားဖို့လိုသလို လျှပ်စစ်ဓာတ်အားဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စရပ် တခုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီနှစ်မကုန်ခင်မှာတော့ ၅ဝ ရာခိုင်နှုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပြီး အခု ဓာတ်အားခွဲရုံနဲ့ ဓာတ်အားလိုင်းဖွင့်လှစ်ပြီးတဲ့နောက် မွန်ပြည်နယ်ထဲမှာ လျှပ်စစ်မီးရရှိလာမယ် အိမ်ထောင်စုပေါင်း ၂၂ဝ,ဝဝဝ ရှိလာမယ်လို့ ပြောပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်ထဲမှာ နောက်ထပ် ဓာတ်အားခွဲရုံအသစ်တွေနဲ့ တိုးချဲ့တာတွေ၊ လိုင်းတွေ ထပ်လုပ်နေတယ်လို့လည်း ပြောပါတယ်။ လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စဟာ သာမန်ပြည်သူတွေအားလုံး တပြိုင်နက် ခံစားနိုင်တဲ့ အခွင့်အရေးရှိပြီး အိမ်တိုင်းမှာ ခလုတ်နှိပ်လိုက်ရုံနဲ့ မီးလင်းလာနိုင်တဲ့ အခြေအနေကို ခံစားနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အများနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို အထူးအလေးပေးဆောင်ရွက်နေပြီး လမ်းပန်း ဆက်သွယ်ရေးဟာလည်း ဒီလိုပဲ ဖြစ်တယ်လို့ ပြောပါတယ်။ မနေ့ကပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ဟာ သထုံမြို့မှာ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး တင်ပြထားတဲ့ သုဿန်မြေကို ရွာသူရွာသားတွေရဲ့ ဆန္ဒမပါဘဲ စီမံကိန်း အကောင်အထည်ဖော်ဖို့လုပ်နေတာ၊ သောက်သုံးရေ ရရှိရေး၊ ကျေးရွာဖယ်ရှား ပြောင်းရွှေ့ခံရတာနဲ့ နစ်နာကြေးမရတာ စတဲ့ တင်ပြတိုင်ကြားလာတာတွေကိုလည်း ဖြည့်စွက်ရှင်းလင်းခဲ့ပါတယ်။ သထုံ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကမ္ဘာ့ဘဏ် IDA ချေးငွေနဲ့ ဆောင်ရွက်ခဲ့ပြီးအခု နိုင်ငံတော်ဓာတ်အားစနစ်ကိုပို့လွှတ်နေပြီ ဖြစ်သလို သထုံစက်ရုံ ပတ်ဝန်းကျင် အနီးရွာတွေက အိမ်ခြေ ၁၂၂ဝ အထိ လျှပ်စစ်မီး တိုးတက်သုံးစွဲနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ မွန်ပြည်နယ်ရဲ့ မြို့ ၁၄ မြို့၊ ကျေးရွာပေါင်း ၈၃ ၊ အိမ်ထောင်စုပေါင်း ၂၁၆,၂၈၃၊ ၅၁ ဒသမ ၁၈ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိပြီဖြစ်ပြီး ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလမှာ ၅၅ ရာခိုင်နှုန်းအထက်၊ ၂ဝ၂ဝ-၂၁ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထက် လျှပ်စစ်ဓာတ်အားရရှိဖို့ စီမံဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ ဓာတ်အားသုံးစွဲတာတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် သထုံဒေသမှာ ၁ဝ၆ မဂ္ဂါဝပ် Combined Cycle Power Plant စီမံကိန်းကို ထပ် အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော်ရဲ့ ဓာတ်အားလိုအပ်ချက်ဟာ တနှစ်မှာ ၁၉ ရာခိုင်နှုန်းလောက် တိုးတက်နေပြီး မဂ္ဂါဝပ်အားဖြင့် တနှစ်မှာ ၃ဝဝ က ၅ဝဝ ကြားလိုအပ်နေတယ်လို့ လက်ရှိအခြေအနေမှာ မဂ္ဂါဝပ် ၃၈ဝဝ လောက် ဓာတ်အားထုတ်လုပ်နိုင်ပြီး နောက် ၃ နှစ်လောက်မှာ တိုးလာမယ့် လိုအပ်ချက်အရ နောက်ထပ်မဂ္ဂါဝပ် ၃ဝဝဝ လောက် တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁၉ ခုနှစ် မတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇ သန်းကျော်ဟာ ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး ၆ ဒသမ ၁ သန်းကျော်ရဖို့ ကျန်နေသေးတယ်လို့လည်း ဖော်ပြထား ပါတယ်။ ၂ဝ၁၉ ခုနှစ်အကုန်မှာ တနိုင်ငံလုံးက အိမ်ထောင်စု ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရဖို့ ရည်မှန်း ဆောင်ရွက်နေပြီး ၂ဝ၂၁ ခုနှစ် မတ်လမှာ ၅၅ ရာခိုင်နှုန်းကျော်၊ ၂ဝ၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထက်နဲ့ ၂ဝ၃ဝ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ အပြည့်အဝ သုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024