ဘရာဇီးတွင် အေတီအမ်ငွေထုတ်စက် ဖောက်ခွဲမည့်သူ ၁၀ ဦးကို ရဲတပ်ဖွဲ့ ပစ်သတ်

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်မှာ ဘဏ်ခွဲနှစ်ခုက အေတီအမ် ငွေထုတ်စက်တွေကို ဖောက်ခွဲဖို့ ပြင်ဆင်နေတဲ့ တိုက်ခိုက်ရေးသမား ၁၀ ဦးကို ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်နေ့မှာ ပစ်သတ်ခဲ့ပါတယ်။ အေတီအမ် ငွေထုတ်စက်တွေကို ဖောက်ခွဲပြီး အထဲကငွေတွေကို ယူဖို့ ကြံစည်မှုမှာ ခန့်မှန်းခြေ လူ ၂၅ ဦး ပါတယ်လို့ ဆော်ပိုလိုပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။ ဘရာဇီးနိုင်ငံမှာ ငွေထုတ်စက်တွေကို ဖောက်ခွဲပြီး ငွေခိုးယူတဲ့ ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီဘဏ်ခွဲနှစ်ခုတည်းက တခုဟာ ရဲစခန်းတခုနဲ့ ကပ်လျပ်မှာ ရှိနေတာပါ။ ရာဇဝတ်အဖွဲ့ဟာ လက်နက်တွေ ကိုင်ဆောင်လာပြီး ကားငါးစီးနဲ့ ရောက်လာခဲ့တာလို့ ရဲအရာရှိတဦးက ပြောပါတယ်။ အဲဒီဘဏ်ခွဲနှစ်ခုကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ တိုက်ခိုက်ရေးသမားတွေ ထွက်ပြေးခဲ့ကြပြီး ဂွါရာရီမာမြို့တလျှောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ကျန်တဲ့ သံသယရှိသူ တိုက်ခိုက်ရေးသမားတွေကို ဖမ်းမိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အဲဒီရာဇဝတ်အဖွဲ့ကို စောင့်ကြည့်နေတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ မာရီယို ဆေးလ်ဗားက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up